ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်းသတင်း (၆-၇-၂၀၁၅)၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ ခရိုင် တာဝန်ခံအဆင့် သစ်တောအရာရှိများ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် စိတ်ဓါတ်၊ စာရိတ္တနှင့် ခံယူချက်၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေ များကို ကျွမ်းကျင်တတ်မြောက်လာစေခြင်းနှင့် လုပ်ငန်းအစီအမံများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တိကျမှန်ကန်စေရန် ရည်ရွယ်၍ ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို သစ်တောသုတေသနဌာန (ရေဆင်း)၊ စုဝေးခန်းမ၌ ယနေ့ (၆-၇-၂၀၁၅) ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ဖွင့်လှစ်ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ အမြဲတန်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာန၏ အဓိကလုပ်ငန်း များကို တာဝန်ခံဆောင်ရွက်နေကြသည့် ခရိုင်သစ်တောအရာရှိများအနေဖြင့် လုပ်ငန်းနှင့်စီမံ ခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ မိမိစိတ်ဓါတ်နှင့် ခံယူချက်များတိုးတက် မြင့်မားစေရေးနှင့် သစ်တောလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စနစ်များနှင့်အညီ ပြောင်းလဲ ကျင့်သုံးရမည့် သစ်တောကဏ္ဍဆိုင်ရာ လိုက်လျောညီထွေရှိစေသည့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေ ဖြင့် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများကို အောက်ခြေအထိ သိရှိနားလည်စေပြီး လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သစ်တောဦးစီးဌာနများကို အခြေပြုဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ နည်းပညာပိုင်းနှင့် စီမံအုပ်ချုပ်လုပ်ကိုင်မှု အပိုင်းတို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှု အတွေ့အကြုံများကို စနစ်တကျ အသုံးပြုပြီး ပိုမိုတိုးတက်လာစေရန် လေ့လာဆည်းပူးလိုသည့် အသိစိတ်ဓါတ်နှင့်ခံယူချက် ထားရှိဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးများကြောင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် တာဝန်ခွဲယူမှု များပြားလာသည်နှင့်အမျှ နယ်ဘက်အရာထမ်းများတွင် မိမိတို့ အဖွဲ့အစည်းအသီးသီးနှင့် ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ခံဆောင်ရွက်မှုများ လိုအပ်လာမည် ဖြစ်ကြောင်း၊ ထိုသို့တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတများ ပြည့်စုံစေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် သစ်တောဘာသာရပ်များအပြင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာများ၊ တရားစီရင်မှုနှင့် အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေဆိုင်ရာ သိကောင်း စရာများနှင့်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့် သုံးသပ် ချက်များစသည်တို့ကိုလည်း ပြင်ပဝန်ကြီးဌာနများမှ သင်တန်းဆရာများ ဖိတ်ကြား၍ ပို့ချပေး သွားမည်ဖြစ်ကြောင်း၊
သင်တန်းသားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက် ပေးနိုင်မည့် စွမ်းဆောင်ရည်များရရှိလာစေရန် သင်တန်းကာလအတွင်း သင်ကြားမှုများကို အလေးထားမှတ်သားပြီး စနစ်တကျ မေးမြန်းဆွေးနွေးကြရန် မှာကြားလိုကြောင်း၊ သင်တန်း သားတစ်ဦးချင်းစီ၏ စွမ်းဆောင်မှုများကိုလည်း မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများ၊ သင်တန်းသားများ အတူတကွ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ သင်တန်း ကိုဝန်ကြီးဌာနလက်အောက်ရှိသစ်တောဦးစီးဌာနမှခရိုင်တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး (၂၀) ဦးတက်ရောက်ခဲ့ကြပြီး ဇူလိုင်လ(၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။