၂၀၁၅ခုနှစ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ်နှင့် ဒုတိအကြိမ်အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ (၂၉-၇-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းအရေးမှူး ချုပ်ရုံး၊ ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်း နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် “၂၀၁၅ခုနှစ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လာအိုနိုင်ငံ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Bounkham Vorachit၊ ထိုင်းနိုင်ငံ၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အကြံပေးအရာရှိ General Ekachai Chansri၊ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံမိတ်ဖက်သုံးနိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ဟန်ဒယ်လ်ဆိုက်ဖောင်ဒေးရှင်းနှင့် ဖိတ်ကြားထားသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀:၀၅နာရီတွင် ရုပ်သိမ်းပြီး ညနေပိုင်းတွင် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ညစာစားပွဲကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုရရှိသည့် အခြေခံပညာ မူလတန်းနှင့် အထက်တန်းအဆင့် ကျောင်း(၂၀)အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များက ဆုများချီးမြှင့်ပါသည်။ ၂၀၁၅ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ နံနက် ၀၉:၀၀နာရီတွင် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုး ပွဲအခမ်းအနားကို နေပြည်တော်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း နှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံနှင့် မိတ်ဖက်(၃)နိုင်ငံများမှ ကိုယ်စားလှယ်များက အမှတ်တရ သစ်ပင်များကို စုပေါင်းစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။