ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ၂၀၁၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပခြင်းသတင်း (၂၃-၇-၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ၂၀၁၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့(၂၃.၇.၂၀၁၅)ရက်နေ့ ၊ နံနက်(၈:၃၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အရှေ့ဘက် ဆင်ဖြူတော်ဆောင်အနီးတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့်ဇနီး ဒေါ်ဆွေဆွေချစ် တို့ တက်ရောက်၍ ကံ့ကော်ပင်ကို စိုက်ပျိုး ပေးပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး(သစ်တော)နှင့်ဇနီးတို့က ပိတောက်ပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး(ပတ်ဝန်းကျင်)က မဟော်ဂနီပင်ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက သစ်ပင်များကို အသီးသီးစိုက်ပျိုးကြပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဌာနဆိုင်ရာအကြီးအကဲများသည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ စုပေါင်း၍ အိုးစည်ဗုံမောင်းများဖြင့် တပျော်တပါး သစ်ပင်စိုက်ပျိုး နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပါသည်။
သစ်ပင်စိုက်ပျိုးခြင်းဖြင့် ဥပ္ပါတသန္တိစေတီတော်ကြီး၏ ဝန်းကျင်အတွင်း စိမ်းလန်း စိုပြည် သာယာလှပစေပြီး ရေမြေရာသီဥတုနှင့်မြေဆီလွှာ ကာကွယ်ထိန်းသိမ်းနိုင်ခြင်းများ အား အထောက်အပံ့ဖြစ်စေခြင်း၊ သစ်ပင်များအောင်မြင်ဖြစ် ထွန်းလာသည်နှင့်အမျှ သားငှက် တိရစ္ဆာန်များ နားခိုနေထိုင်ကျက်စားနိုင် ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရာတွင်လည်း အထောက်အကူဖြစ်စေခြင်းစသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ် ပါသည်။
သစ်ပင်စိုက်ပွဲ အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လုပ်ငန်း/ဌာနများမှ ဝန်ထမ်းအင်အား(၇၀၀)ဦးက ကျွန်း (၁၀) ပင်၊ ကံကော် (၁၀)ပင်၊ ပိတောက်(၁၀)ပင်၊ မဟော်ဂနီ(၁၀)ပင်၊ ပန်းမယ်ဇလီ(၁၀)ပင်၊ ခရေ(၁၀)ပင်၊ စိန်ပန်းကြီး(၁၀)ပင်၊ ယင်းမာ(၁၀)၊ ဆီသပြေ(၂၀)ပင်၊ ကုက္ကို(၅၀)ပင်၊ မြန်မာကုက္ကို (၅၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ အော်ရီးရှား(၁၀၀)ပင်၊ မြန်မာရှား(၁၀၀)ပင် စုစုပေါင်း အပင် (၅၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။