ကချင်ပြည်နယ်၊ အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ အဆိုပြုသတ်မှတ်နိုင်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ သြဂုတ် ၂၈ ၊ မြစ်ကြီးနား

ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ လူသားနှင့် ဇီဝ အဝန်းနယ်မြေအစီအစဉ် Man and the Biosphere Reserve Programme ၌ အဖွဲ့ဝင်နိုင်ငံများ တွင်တည်ရှိသည့် ဂေဟနစ် နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘာဝနယ်မြေများအနက် ကမ္ဘာလုံး ဆိုင်ရာ ထူးခြားထင်ရှားမှုရှိပြီး ထိန်းသိမ်းကာကွယ်ထားသင့်သောဒေသများကို ဇီဝအဝန်းနယ်မြေများ (Biosphere Reserve) ဟု ခေါ်ဝေါ်သတ်မှတ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဇီဝအဝန်း နယ်မြေအဖြစ် အင်းလေးကန်ဒေသကို ယခုနှစ် ဇွန်လ ၉ ရက်နေ့၌ ယူနက်စကိုအဖွဲ့ကြီးမှ အတည်ပြု သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်းရေချိုကန်ကြီးဖြစ်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အတွင်းရှိ အင်းတော်ကြီးကန်ဒေသကိုလည်း ယူနက်စကို လူသားနှင့်ဇီဝအဝန်းနယ်မြေ တစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ UNESCO Myanmar Program နှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သော Fauna and Flora International (FFI)တို့မှ ထပ်မံ အဆိုပြုတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ အဆိုပြုသတ်မှတ်နိုင်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ City Park Royal ခန်းမတွင် ကျင်းပပြုခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် အစိုးရဌာနတာဝန်ရှိသူများ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် အပင်များ အဖွဲ့ Fauna and Flora International (FFI)မှ Myanmar Program Director ဖြစ်သူ Mr. Frank Momberg ၊ UNESCO Myanmar Office မှ ကိုယ်စားလှယ် Mr. Sriharsha Masabathula တို့ တက်ရောက်ခဲ့ကြပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်နှင့် ပြည်နယ်သစ်တောသတ္တုဝန်ကြီး၊ ဦးအောင်နိုင်တို့မှ တက်ရောက်အမှာစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား၌ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ယူနက်စကိုအဖွဲ့ကြီးသို့ ၁၉၄၉ ခုနှစ်ကပင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ယူနက်စကိုကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း၏ World Heritage Sites များ သတ်မှတ်ခြင်း အတွက် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ဆိုင်ရာ အစီအစဉ်တွင် ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်း ၃ ခုတို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေစာရင်းဝင်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအမွေအနှစ်များ ပြည့်စုံကောင်းမွန် လျက်ရှိသည့် နယ်မြေဒေသ ၇ ခု တို့ကိုလည်း ယူနက်စကို ကမ္ဘာ့သဘာဝ အမွေအနှစ်နယ်မြေ UNESCO Natural World Heritage Sites အဖြစ် သတ်မှတ်နိုင်ရေးအတွက် လျာထားစာရင်း တင်ပြထားခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအသစ် လက်ထက်၌ ဒီမိုကရေစီ စနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့်အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးတက်အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးကျူး အသိအမှတ်ပြု ကြကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား ကမ္ဘာ့နိုင်ငံများသာမက နိုင်ငံတကာ အဖွဲ့အစည်းများကပါ အသိအမှတ်ပြု လက်ခံခဲ့ကြပြီး နယ်ပယ်ကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအသစ်လက်ထက် စီမံအုပ်ချုပ်ရေးစနစ်သည် ပြည်သူကို အခြေပြုပြီး ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်မှုနဲ့အတူ ပေါင်းစပ်စီမံအုပ်ချုပ်ခြင်း၊ ထိန်းညှိခြင်း များနှင့့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းအတွက်လည်း သဘာဝနယ်မြေများတွင် ဒေသခံ ပြည်သူများကိုယ်တိုင် သဘာဝသယံဇာတများ အသုံးပြုထုတ်ယူခြင်းနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ယူနက်စကို၏ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ် Man and the Biosphere Reserve Programme (MAB) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်၌လည်း မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ဇီဝအဝန်းနယ်မြေ အဖြစ် ရှမ်းပြည်နယ်၊ အင်းလေးကန်ဒေသကို ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပသည့် (၂၇)ကြိမ်မြောက် ယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးမှ အတည်ပြုသတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေချို ကန်ကြီးဖြစ်သည့် အင်းတော်ကြီးကန်ဒေသကိုလည်း ဇီဝအဝန်းနယ်မြေတစ်ခုအဖြစ် သတ်မှတ် ထိန်းသိမ်း ဆောင်ရွက်ရန်အတွက် ယူနက်စကိုသို့ ထပ်မံအဆိုပြုတင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ အင်းတော်ကြီးကန်အပါအဝင် ရေဝေရေလဲသစ်တောကြိုးဝိုင်းများအား သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ ထိန်းသိမ်းကာကွယ်နိုင်ရေးတို့အတွက် အင်းတော်ကြီးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရိယာ ၂၀၁၃၈၉ ဧက (၃၁၄.၆၇ စတုရန်းမိုင်)ကို ၉-၈-၂၀၀၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ပြည်နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ အင်းတော်ကြီးကန်၊ လုံးတုံကျေးရွာ၌ ဒေသအဆင့်၊ နေပြည်တော်၌ ပြည်ထောင်စုအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးဖြစ်၍ အစိုးရဌာနများ၊ ပြည်တွင်း၊ ပြည်ပအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ဒေသခံ ကိုယ်စားလှယ်များမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ အင်းတော်ကြီးကန်ဒေသအား အောက်ပါအတိုင်း ရည်ရွယ်၍ ဇီဝအဝန်းနယ်မြေ သတ်မှတ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ အင်းတော်ကြီး ကန်ဒေသ၏ သဘာဝအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အင်းတော်ကြီးကန်ဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူလူထု၏ သဘာဝသယံဇာတများအပေါ် မှီခိုထုတ်ယူသုံးစွဲမှုများအား ရေရှည် ထုတ်ယူသုံးစွဲ နိုင်မည့် စီမံအုပ်ချုပ်မှုပုံစံတစ်ခု ပေါ်ပေါက်စေရန်၊ ဇီဝအဝန်းနယ်မြေတစ်ခု ဖြစ်ပေါ်လာခြင်းကြောင့် အော်ဂင်နစ် သီးနှံစိုက်ပျိုးရေးထွက်ကုန်များနှင့် ဒေသခံများ၏ ရိုးရာလက်မှုပစ္စည်းများကို မြှင့်တင် ထုတ်လုပ်၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက် လာစေရန်တို့ ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲဆက်လက်ကျင်းပရာ၌ ယူနက်စကိုမြန်မာနိုင်ငံအစီအစဉ်နှင့် FFI တို့မှ ကိုယ်စားလှယ်တို့ကလည်းကောင်း၊ သစ်တောဦးစီးဌာန တာဝန်ရှိသူများကလည်းကောင်း အင်းတော် ကြီးကန်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် အဆိုပြုတင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းတင်ကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။