REDD+ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းသတင်း ( ၂၆.၈.၂၀၁၅၊ နေပြည်တော် )

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဌာန(ICIMOD)နှင့် ဂျာမနီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့ ပူးပေါင်း၍ REDD+ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Lake Garden Hotel တွင်(၂၆.၈.၂၀၁၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ၊(ICIMOD)နှင့် (GIZ) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UN REDD Program မှ ကိုယ်စားလှယ်များ၊ နီပေါနိုင်ငံ သစ်တော ရေးရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်တွင် ICIMOD အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သစ်တောဦးစီးဌာနအနေဖြင့် ICIMOD ၏ Board of Governor အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါကြောင်း၊ ICIMOD နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ တောင်တန်းဒေသနေ ကျေးလက် ပြည်သူများဘက်စုံဖွံ့ဖြိုးရေး၊ အင်းလေးကန်ရေဝေရေလဲဒေသထိန်းသိမ်းရေး၊ RS/GIS အသုံးပြုမှု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန် ထုတ်လွှတ်မှုလျော့ချခြင်း လမ်းပြမြေပုံ(REDD+ Readiness Roadmap)ကို အထောက် အကူ ပြုနိုင်ရန်အတွက် ဂျာမနီနိုင်ငံ(GIZ)အဖွဲ့အစည်း၏ အကူအညီအထောက်အပံ့နှင့် ICIMOD နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး REDD+ လုပ်ငန်းစဉ်များကို (၃)နှစ်စီမံကိန်း နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
REDD+ ၏ အခြေခံသဘောသဘာဝမှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး အတွက် သစ်တောထိန်းသိမ်းရေးနှင့် သစ်တောစီမံအုပ်ချုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ကူညီထောက်ပံ့သည့် မူဝါဒရေးရာ အစီအစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်း(UNFCCC)၏ နှစ်စဉ်ညီလာခံများမှ ဆုံးဖြတ်ချက်များအရ REDD+ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံ အဆင့် မဟာဗျူဟာရေးဆွဲခြင်း၊ သစ်တောကာဗွန်တိုင်းတာကြီးကြပ် စစ်ဆေးခြင်းစနစ် တည် ထောင်ခြင်း၊ သစ်တောကာဗွန်ထုတ်လွှတ်မှု ရည်ညွှန်းပမာဏသတ်မှတ်ခြင်းနှင့်ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အစီအမံများရေးဆွဲအကောင်အထည် ဖော်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် အကြံပြုထားပါကြောင်း၊
REDD+ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ မိမိတို့ သစ်တောဝန်ထမ်းများသာမက သစ်တောပြုန်းတီးခြင်းနှင့် ဆက်စပ်နေတဲ့ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြောင်းလဲလာ သည့် ခေတ်စနစ်နှင့်အညီ REDD+ လုပ်ငန်းစဉ်များအပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပူပေါင်း ပါဝင်ဆောင်ရွက်သည့် အမျိုးသားများနှင့် အမျိုးသမီးများ အခွင့်အရေးတန်းတူရည်တူ ရှိစေရေးကိစ္စ တစ်ရပ်သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါ ကြောင်းနှင့် အမျိုးသား အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများခွဲဝေမှုနှင့် ၎င်းတို့အကြား ဆက်သွယ် ဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းစွာသတ်မှတ်ထားရန်နှင့် ကျား၊ မ တန်းတူရှိရေးအတွက် မိမိတို့ နိုင်ငံ၏ တည်ဆဲဥပဒေများ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့စရိုက်များ၊ တိုင်းရင်းသား လူမျိုးစုအသီးသီး၏ ဓလေ့ထုံးတမ်းစဉ်လာများ၊ လူမှုစီးပွားရေး အခြေအနေများ နှင့်အညီ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
ပြည်သူဗဟိုပြု သစ်တောသယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များကို စံနမူနာအဖြစ်ရယူ ပြီး REDD+လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် လုပ်ငန်းပါဝင် ဆောင် ရွက်နိုင်မှုနယ်ပယ် ပိုမိုကျယ်ပြန့်လာအောင် စီစဉ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကမ္ဘာနှင့် အဝှမ်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး ကမ္ဘာ့မိသားစုနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ခံစားလျက်ရှိပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေသည့် မိုးများစွာရွာသွန်းခြင်း၊ ရေကြီးခြင်း ကိစ္စရပ်များကို ကြည့် လျှင်သိနိုင်ပါကြောင်း၊
ရာသီဥတုပြောင်းလဲမှု အကြောင်းအရင်းများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လုပ်ငန်းကဏ္ဍ အသီးသီးက ထုတ်လွှတ်သည့် Greenhouse Gas (GHG) လို့ခေါ်သော ဖန်လုံအိမ်ဓာတ်ငွေ့များ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ လေထုအတွင်း အဆမတန် များပြားလာသော ကြောင့်ဖြစ်ပါကြောင်း၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Inter-Governmental Panel on Climate Change ( IPCC) ၏အစီရင်ခံစာအရ ကာဗွန်ထုတ်လွှတ် တဲ့ အရင်းအမြစ် အမျိုးမျိုး အနက် သစ်တောပြုန်းတီးခြင်းမှထုတ်လွှတ်တဲ့ ကာဗွန်ပမာဏသည် ကဏ္ဍအသီးသီးက ထုတ်လွှတ်သောပမာဏရဲ့ ၁၇.၄ ရာခိုင်နှုန်းရှိကြောင်း၊
ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်အတွက် ကမ္ဘာနှင့်အဝှမ်း သစ်တောကြွယ်ဝ သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် REDD+ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းကြခြင်း ဖြစ်ပါကြောင်း၊ သစ်တောများကို မှီခိုနေထိုင်လျှက်ရှိကြတဲ့ ကျေးလက်ပြည်သူများကို ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်များ၊ REDD+ လုပ်ငန်းစဉ်များရဲ့ သဘောသဘာဝ၊ REDD+ လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ စွန့်လွှတ် အနစ်နာခံရနိုင်မှု အခြေအနေများ၊ သစ်တောများမှ အထောက်အပံ့ပြုသော အကျိုးကျေးဇူး အမျိုးမျိုးစသည့် ကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးနိုင်ရန် လိုအပ်ပါကြောင်း၊ ITTO နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော REDD+ စီမံကိန်းမှ REDD+ ဆောင် ရွက်ရာတွင် လိုက်နာဆောင်ရွက်ကြရမည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ် စောင့် ရှောက်မှု အစီအမံများ(Social and Environmental Safeguard) ကို ဆက်စပ်ပတ်သက်သူ များအားလုံး ပူးပေါင်းပါဝင်လျက် ရေးသားပြုစုထုတ်ဝေပြီး ဖြစ်ပါကြောင်း၊
ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း(UNFCCC)၊ ကုလသမဂ္ဂ ဇီဝ မျိုးစုံမျိုးကွဲ ကွန်းဗင်းရှင်း(UNCBD)နဲ့ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေး ကွန်းဗင်းရှင်း (UNCCD)များ၏ လုပ်ငန်းစဉ်များနဲ့ ချိတ်ဆက်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောပြန်လည် တည်ထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ဦးဆောင်ဦးရွက်ပြုမှုနှင့်အတူလာမည့် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပမည့် UNFCCC အဖွဲ့ဝင်နိုင်ငံများ၏ ၂၁ ကြိမ်မြောက် ညီလာခံ (COP 21)တွင် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီမှု အသစ်တစ်ခုကို ချမှတ်ရန် စီစဉ် လျက်ရှိပြီး မိမိတို့နိုင်ငံအနေနှင့်လည်း Indented Nationally Determined Contribution (INDC)ဟုခေါ်သည့် မိမိတို့သဘောဆန္ဒအလျောက် လျှော့ချနိုင်မယ့် ကာဗွန် ထုတ်လွှတ်မှုပမာဏ (သို့မဟုတ်) ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းစဉ်ကို တင်ပြနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊
REDD+ လုပ်ငန်းစဉ်များ၏အရေးပါမှုကို ဆက်စပ်ပတ်သက်သူများအားလုံးက အလေး အနက် အသိအမှတ်ပြုပြီး ၎င်းလုပ်ငန်းတွေမှာ ပြည့်ပြည့်ဝဝပူးပေါင်းလာစေရန် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက်ရောက်လာသည့် ကဏ္ဍအသီးသီးမှ ပညာရှင်များအနေနှင့် မိမိတို့၏ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများကို အသုံးချပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ်ကြပါရန် ပြောကြားသွားကြောင်း သတင်းရ ရှိပါသည်။
(၃)ရက်ကြာကျင်းပမည့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် REDD+ လုပ်ငန်းစဉ်များအရှိန် အဟုန်နှင့်ဖွံ့ဖြိုးလာစေရန် အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရှိစေရန်နှင့် ဆက်စပ်ပတ်သက်သူ များ အားလုံး ပူးပေါင်းပါဝင် လာစေရန်နှင့် ဒေသတွင်း REDD+ အတွေ့ အကြုံများဖလှယ်ရန် အဓိကရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် REDD+လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် လုပ်ငန်း ပါဝင်ဆောင်ရွက်နိုင်မှုနယ်ပယ် ပိုမိုကျယ်ပြန့်လာစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။