မြေအသုံးချမှုမူဝါဒသုံးသပ်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်းသတင်း (၂၆-၈-၂၀၁၅ ရက်နေ့၊ နေပြည်တော်)

မြေအသုံးချမှုမူဝါဒသုံးသပ်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့အစည်းအဝေးကို (၂၆.၈.၂၀၁၅) ရက်နေ့၊(၁၃:၀၀)နာရီတွင် သစ်တောဦးစီးရံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းအဖွဲ့ဝင် များဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြ ပါသည်။
အစည်းအဝေး၌ မြေအသုံးချမှုမူဝါဒသုံးသပ်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် မှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မြေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ရည်ရွယ်၍ ဒုတိယ သမ္မတ(၂) ဦးဆောင်သော အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပဏာမ ရှေ့လုပ်ငန်းစဉ် (၃)ရပ်ကို အကောင်အထည်ဖေါ် ဆောင်ရွက် လျက်ရှိရာ ရေရှည်တည်တံ့ သော အနာဂတ် အခြေခံအုတ်မြစ် ဖြစ်တည်စေမည့် မြေအရင်းအမြစ် စီမံခန့်ခွဲမှု မူဝါဒဆိုင်ရာ အခြေခံ များကို အများပါဝင်မှုဖြင့် ချမှတ်ခြင်း၊ အဖွဲ့အစည်းများအကြား ဆက်စပ်ညှိနှိုင်း၍ မြေအရင်းအမြစ် စီမံမှုဆိုင်ရာ အနာဂတ်အခြေခံအုတ်မြစ်အတွက် ပြင်ဆင်ခြင်း၊ ပြည်သူကို ဗဟိုပြုဖွံ့ဖြိုးမှုရလဒ်များ ဖော်ဆောင်ရေးကို ရှေးရှုသော စမ်းသပ်စီမံချက်များ ချမှတ်အကောင်အထည် ဖော်ခြင်းတို့ဖြစ်ပါကြောင်း၊
အမျိုးသား မြေအသုံးချမှုမူဝါဒ ရေးဆွဲချမှတ်နိုင်ရန် ဗဟိုကော်မတီမှ မြေအသုံးချ မှုမူဝါဒ သုံးသပ်ရေးလုပ်ငန်းကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ ပါကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ အဓိကကျသော လုပ်ငန်းတာဝန်မှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေးမူများအပေါ်တွင် အခြေခံသည့် မြေအသုံးချမှုမူဝါဒတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်ဖြစ်ပါကြောင်း၊
အမျိုးသားမြေအသုံးချမှုမူဝါဒ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခဲ့ပြီး နိုင်ငံတကာနဲ့ အမျိုးသားကျွမ်းကျင်ပညာရှင်များ၊ ဌာနအဖွဲ့အစည်း ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ညှိနှိုင်း၍ မြေသယံဇာတ အရင်းအမြစ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ များ၏ လူမှုစီးပွားရေး ဘဝမြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ အတွက် စီမံခန့်ခွဲအသုံးပြုရာတွင် စနစ်ကျမှန်ကန်ပြီး ရေရှည်တည်တံ့နိုင်မည့် မူဝါဒတစ်ရပ် ပြဋ္ဌာန်းနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊
ရေးဆွဲခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၄ခုနှစ် ဇူလိုင်လတွင် အမျိုးသား မြေအသုံးချမှုမူဝါဒ(ပဉ္စမမူကြမ်း)ကို ရေးဆွဲပြီးစီးခဲ့ပါကြောင်း၊ ၎င်းမူကြမ်းကို ပြည်သူများထံ ချပြပြီး ပြည်သူလူထု၏ သဘောဆန္ဒနှင့်အကြံပြုချက်များ ရရှိနိုင်ရန်အတွက် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတွင်ဆွေးနွေးပွဲများကျင်းပခဲ့ပြီးအကြံပြုချက်များရယူခဲ့ပါကြောင်း၊
ပြည်သူများ၏ အကြံပြုချက်များကို မူဝါဒ(မူကြမ်း)တွင် ထည့်သွင်းပြင်ဆင် ရေးဆွဲရန် ကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲများကို ၂၀၁၅ခုနှစ် ဇန်နဝါရီလနှင့် မတ်လတွင် ကျင်းပခဲ့ပြီး ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုဆွေးနွေးချက်များနဲ့အညီ အမျိုးသားမြေအသုံးချမှုမူဝါဒ(ဆဋ္ဌမမူကြမ်း) ကို ၂၀၁၅ ခုနှစ်၊ မေလတွင် အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါကြောင်း၊
အမျိုးသားမြေအသုံးချမှု အချောသပ်ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမျိုးသားအဆင့် မြေအသုံး ချမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အုပ်စု(၅)စုခွဲ၍ စိတ်ပါဝင်စားစွာ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး မူဝါဒမူကြမ်း ပြင်ဆင်ဖြည့်စွက်ရန် အကြောင်းအရာ အချက်အလက်များကို အုပ်စု အလိုက် ပြန်လည်တင်ပြ အကြံပြုခဲ့ကြပါကြောင်း၊
အကြံပြုဆွေးနွေးချက်များကိုအခြေခံ၍ အမျိုးသားမြေအသုံးချမှု မူဝါဒ အချောသပ် ရေးဆွဲ ခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှ ဩဂုတ်လအထိ ကျွမ်းကျင်ပညာရှင်များနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ ပါကြောင်း၊ ပြည်သူများ၏ အကြံပြုချက်များနဲ့အညီ ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သော်လည်း လက်ရှိ သတ်မှတ်ထားသော သစ်တောမြေ၊ လယ်ယာမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းစသည့် မြေအမျိုး အစားများနှင့် နောင်သတ်မှတ်မည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးတမ်း စဉ်လာအရ ကျင့်သုံးမည့်မြေ အမျိုးအစားများအကြားအငြင်းပွားမှုများဖြစ်လာနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
အမျိုးသားမြေအသုံးချမှုမူဝါဒ အချောသပ်ရေးဆွဲပြီးစီးနိုင်ရေးအတွက် မူဝါဒမူကြမ်းပါ တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးများနှင့် အခြားအကြောင်းအရာများအပေါ် တက်ရောက်လာသည့်အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များမှ ဝိုင်းဝန်းသုံးသပ်ဆွေးနွေး ပေးစေလိုပါ ကြောင်း၊ အချောသပ်ရေးဆွဲပြီးစီးပါက မြေအသုံးချမှု မူဝါဒ သုံးသပ်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ သို့ တင်ပြမည်ဖြစ်ပါကြောင်း၊
ရေရှည်တည်တံ့သော အနာဂတ်အခြေခံအုတ်မြစ် ဖြစ်တည်စေမည့် မြေအရင်းအမြစ် စီမံခန့်ခွဲ ရေးမူဝါဒဆိုင်ရာ အခြေခံများကို အများပါဝင်မှုဖြင့် ချမှတ်နိုင်ရေးလုပ်ငန်းစဉ်အား ပီပြင် ခိုင်မာစွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် မြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက် အကူပြုလုပ်ငန်း အဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါဟု တိုက်တွန်း ပြောကြားသွား ကြောင်း သတင်းရရှိပါသည်။