“မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းအကောင်အထည်ဖော်ခြင်းဆိုင်ရာနိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲ”ကျင်းပခြင်းသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)တို့ပူးပေါင်းကျင်းပသည့် “မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းအကောင်အထည်ဖော်ခြင်းဆိုင်ရာနိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲ အခမ်းအနားကို၇-၉-၂၀၁၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင်နေပြည်တော် ဇမ္ဗူသီရိဟိုတယ် ၌ ကျင်းပခဲ့ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းတက်ရောက်အမှာစကားပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ IUCN၊ Ramsar Convention၊ Swiss Agency for Development and Cooperation (SDC)၊ BirdLife International နှင့်အခြား INGO၊ NGO များမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံမှ Ramsar National Focal Point၊ ဆက်စပ်ဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းမှ အမှာစကားပြောကြားရာတွင် ရေတိမ်ဒေသများသည် လူမှုအဖွဲ့အစည်းအတွက် အရေးပါသည့့် ဂေဟစနစ်များဖြစ်ကြောင်း၊မြစ်ဝှမ်းလွှင်ပြင်၊ ရေအိုင်၊ ရေကန်၊ ဆည်၊ တမံ၊ သစ်ဆွေးမြေနှင့်ကမ်းရိုးတန်းဒေသများ ပါဝင်လျက်လူထောင်ပေါင်းများစွာ ၏နေ့စဉ်လိုအပ်ချက်အတွက် ရေ၊ ငါးနှင့် အခြားသဘာဝသယံဇာတအများ အပြားကိုပံ့ပိုးပေးလျက် ရှိသောကြောင့်လူများ၏ အသက်ရှင်ရပ်တည်မှုအတွက် အလွန်အရေးပါကြောင်း၊ ရေတိမ်ဒေသများ သည်ရေကိုသန့်စင်ပေးပြီးလူမှုရေးနှင့် အပန်းဖြေအနားယူမှုဆိုင်ရာဝန်ဆောင်မှုအများ အပြားကို လည်းပံ့ပိုးပေးလျက်ရှိကာ ငါးမျိုးစိတ်၊ အခြားရေချိုနှင့် အဏ္ဏဝါသက်ရှိများရှင်သန်ပေါက်ပွားရန် အထောက်အကူပြုပြီး ကမ်းခြေများကိုလှိုင်းလေဒဏ်မှ အကာအကွယ်ပေးခြင်း၊ ရေကြီး/ ရေလျှံမှုကို လျော့နည်းစေခြင်း၊ အညစ်အကြေးများကိုစုပ်ယူခြင်းနှင့် သဘာဝအပင်နှင့်တောရိုင်းတိရစ္ဆာန်များ အတွက် ကျက်စားနယ်မြေပံ့ပိုးခြင်းတို့ကိုပြုလုပ်ပေးပါကြောင်း၊
၂၀၀၃ခုနှစ်တွင်ဂျပန်တောရိုင်းငှက်အသင်း၊ Wild Bird Society of Japan နှင့် သစ်တော ဦးစီးဌာနတို့ပူးပေါင်းပြီးစာရင်းကောက်ယူမှုအရမြန်မာနိုင်ငံတွင်ရေတိမ်ဒေသ(၉၉)ခုကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ ကာဗွန်သိုလှောင်ခြင်း၊ မိုးခေါင်မှုကိုသက်သာစေခြင်း၊ ရေကြီးမှုကို နည်းပါးစေခြင်းစသည်တို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များကို လျော့ နည်းရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ကမ္ဘာ့မြောက်ဘက်ခြမ်းမှရွေ့ပြောင်း ကျက်စားသည့်ငှက်မျိုးစိတ်အများအပြား၏ခိုလှုံနေထိုင်ရာဒေသများဖြစ်ကြပါကြောင်း၊အခြားကမ္ဘာ့နိုင်ငံများနည်းတူမြန်မာနိုင်ငံတွင်ရှိနေသောရေတိမ်ဒေသများသည်အန္တရာယ်တွေနှင့်ကြုံတွေ့ရလျက်ရှိကြောင်း၊အကျိုးဆက်အားဖြင့်ရေရှားပါးမှု၊ရာသီဥတုပြောင်းလဲမှု၊စိုက်ပျိုးရေးထုတ်ကုန်ကျဆင်းမှု၊စွမ်းအင်မလုံလောက်မှုအစရှိသော စိန်ခေါ်မှုအများအပြားနှင့် ကြုံတွေ့နေရပြီး လူသားများ၏ အသက် ရှင် ရပ်တည်မှုကိုခြိမ်းခြောက်ခံရလျက်ရှိပါကြောင်း၊
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အပူပိုင်းမုန်တိုင်းဆိုင်ကလုံးတို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ် နှင့်တိုင်းဒေသကြီး(၁၂) ခုမှာရေကြီးမှုကိုခံခဲ့ရပါကြောင်းနှင့်တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့် အတား ဖြစ်စေပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုးများဖြစ်ပေါ်လာခြင်းသည် ရေတိမ်ဒေသများ ပျက်စီးမှု၏အကျိုးဆက်ကြောင့်ဖြစ်ပါကြောင်း၊ ရေတိမ်ဒေသထိန်းသိမ်းကာကွယ်မှုကို မြှင့်တင်နိုင် ရန် မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းကို ၂၀၀၅ ခုနှစ်၊ မတ်လတွင်ဝင်ရောက်ခဲ့ပြီး ၎င်းနှစ်တွင် မိုးယွန်းကြီးဘေးမဲ့တောကိုပထမဦးဆုံးရေတိမ်ဒေသအဖြစ် သတ်မှတ်နိုင်ခဲ့ပါကြောင်း၊ ရေတိမ်ဒေသ များကိုထိရောက်စွာထိန်းသိမ်းကာကွယ်ရန်နှင့်စဉ်ဆက်မပြတ်အသုံးပြုရန် နိုင်ငံတကာမှသဘောတူ ညီချက်များအား ၁၉၇၁ ခုနှစ်တွင် အီရန်နိုင်ငံ၊ ရမ်ဆာမြို့၌ ကွန်ဗင်းရှင်းကိုစတင် လက်မှတ်ရေးထိုး ခဲ့ခြင်းကို အကြောင်းပြု၍ ရမ်ဆာကွန်ဗင်းရှင်း ဟုအမည် တွင်ခြင်း ဖြစ်ကြောင်း၊အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကိုမြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာဒေသအဖြစ် အမည်စာရင်း တင်သွင်းထားပါကြောင်း၊
အဓိကအားဖြင့် တရားဝင် ရမ်ဆာအုပ်ချုပ်မှုစနစ်မရှိခြင်း၊ စနစ်တကျ ရေးဆွဲထားသော အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များမရှိခြင်း၊ ရေတိမ်ဒေသမှပံ့ပိုးပေးသည့်သဘာဝ သယံဇာတများဝန် ဆောင်မှု များနှင့်ပတ်သက်သည့်အခြေခံအချက်အလက်များနည်းပါးခြင်း၊ နည်းပညာ၊ ရန်ပုံငွေ မလုံလောက်ခြင်းနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် လျော့နည်းမှုများ အတွက် ရေတိမ်ဒေသများ၏အရေးပါမှုအပေါ် သိမြင်နိုးကြားမှုအားနည်းခြင်းတို့ကြောင့် ရမ်ဆာ ကွန်ဗင်းရှင်းအကောင်အထည်ဖော်မှုများသည်အခြားသောဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်မည်ဆို လျှင် အတော် အားနည်းနေသေးသည်ကိုသုံးသပ်တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
ယခုအလုပ်ရုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းကို အကောင်အထည်ဖော်ရာမှာ ဆက်စပ်ပက်သက်နေသည့် ဝန်ကြီးဌာနများ၏အရာထမ်းများ ကိုလေ့ကျင့်သင်ကြားပေးရန်၊မြန်မာနိုင်ငံတွင်ရမ်ဆာကွန်ဗင်းရှင်းအကောင်အထည်ဖော်ခြင်းအပေါ် ပေါင်းစပ်ညှိနှိုင်းမှုကို ကြီးကြပ်လမ်းညွှန်နိုင်ရန် နိုင်ငံအဆင့် ရေတိမ်ဒေသကော်မတီ တစ်ခု သတ်မှတ်ဖွဲ့စည်းနိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းအကောင်အထည် ဖော်မှုနှင့် ပတ်သက်ပြီးလက်ရှိဆောင်ရွက်နေမှုကိုတင်ပြရန်နှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်ရန်ဖြစ်ပါကြောင်း၊
နည်းပညာနှင့်ရန်ပုံငွေအထောက်အပံ့ပေးသည့်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွစ်အေဂျင်စီ (SDC)၊ အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) တို့ကိုကျေးဇူး အထူးတင်ရှိပါကြောင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ ရာသီဥတုမျှတရေးနှင့် သဘာဝဘေးအန္တရာယ် လျော့နည်းရေးတို့အတွက် အလွန် အရေးပါသည့် ရေတိမ်ဒေသများကို ထိရောက်အောင်မြင်စွာ ထိန်းသိမ်းရေးတွင် အရေးပါသည့် အခန်းကဏ္ဍ မှပါဝင်နေကြောင်းခံယူပြီး ဆွေးနွေးပွဲဦးတည်ချက်၊ ရည်မှန်းချက်နှင့် မျှော်မှန်း ရလဒ် များ ပေါက်မြောက်အောင်မြင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆွေးနွေးဖြည့်ဆည်းပေးကြပါဟု တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆွစ်ဇာလန်သံရုံးမှ Charged’Affaires and Head of cooperation ဖြစ်သူ Mr.Peter Tschumi မှ နှုတ်ခွန်းဆက်အမှာစကားပြောကြား၍ SDC ၏ မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံလုပ်ငန်းများအား အနှစ်ချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းဆိုင်ရာ အကောင်အထည်ဖော်ခြင်းနှင့် မုတ္တမပင်လယ် ကွေ့ ဒေသRamsar Site အသစ်များသတ်မှတ်နိုင်ရေး တို့နှင့်ပတ်သက်သူများအကြား ဆွေးနွေး အကြံပြုနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို(၂)ရက်ကြာကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။