တရုတ်ပြည့်သူ့သမ္မတနိုင်ငံတွင် တရားမဝင်သစ် ကုန်သွယ်မှုတားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိမှု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် ၁-၉-၂၀၁၅ ရက်နေ့မှ ၂-၉-၂၀၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော သစ်တောကဏ္ဍနှင့် သစ်အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သစ်တောသယံဇာတကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ခေါင်မြို့ အကောက်ခွန်စခန်းနှင့် နောင်တောင်းမြို့ ကြော်ငြာသင်ပုန်းများတွင် တရုတ်ဘာသာဖြင့် ရေးသားဖော်ပြထားသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားမဝင်သစ် ကုန်သွယ်ခြင်းကိစ္စရပ်များ ရပ်တန့်စေခြင်းအတွက် တရားမဝင်သစ် တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ မြန်မာနိုင်ငံအတွင်းဝင်ရောက်၍ တရားမဝင်သစ် ခိုးထုတ်သူများအား တရားဥပဒေအရ အရေးယူမည့် သတိပေးကြေညာချက်များကို လေ့လာ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။