ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ သဘာဝ နယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်နိုင်ငံ လေ့လာရေးခရီးသွားရောက်

( ၁-၁၁-၂၀၁၅)၊ နေပြည်တော်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် မြန်မာနိုင်ငံ၏ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ သဘာဝနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)ရုံးချုပ်နှင့် ကိုကုဆိုင်း ကိုဂျော ကုမ္ပဏီလီမိတက် (Kokusai Kogyo Co., Ltd.)သို့ သွားရောက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး၍ နီကိုး အမျိုးသား ဥယျာဉ်နှင့် ဖူဂျီတောင် အမျိုးသားဥယျာဉ်တို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန် သန့်ဇင်နှင့်အတူ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အာရှ နှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ယာဆုရှိတာနာခနှင့် အရာရှိကြီးများကို တွေ့ ဆုံရာတွင် မြန်မာနိုင်ငံ၌ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော ဒီရေတောပြန် လည် ထူထောင်ရေး စီမံကိန်း ရန်ပုံငွေကြေးနှင့် နည်းပညာကူညီ ထောက်ပံ့မှုများအတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်အထိ JICA ၏ အကူအညီ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ သစ်တောကဏ္ဍအတွက် စီမံကိန်း (၈)ခုကို အောင်မြင်စွာ အကောင်အထည်ဖေါ် နိုင်ခဲ့ပါကြောင်း၊ လက်ရှိအနေဖြင့် စီမံကိန်း(၃)ခုကို အကောင်အထည်ဖေါ်လျှက်ရှိပါကြောင်း၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ၌ အကောင်အထည် ဖေါ်လျှက်ရှိသော ဒီရေတောစီမံကိန်းသည် လုပ်ငန်းလျာထားချက်၏ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးသွား ပြီဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း အစီအစဉ်နှင့်အညီ ၂၀၁၇ ခုနှစ် တွင် စီမံကိန်းလုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒုတိယအဆင့် စီမံကိန်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေးဆွဲရန်လိုအပ်ကြောင်း၊ ယခုစီမံကိန်းနှင့် တဆက်စပ် တည်းဧရိယာ များတွင် ဒီရေတောပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ သစ်တောဦးစီးဌာနမှလည်း ဒီရေတောပြန်လည် ထူထောင်ရေးနှင့် ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများကို နည်းစနစ်အမျိုးမျိုးဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့ ဌာနနှင့် JICA ဒီရေတော စီမံကိန်းတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် ဒီရေတောစိုက်ပျိုး ထိန်းသိမ်း ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သူများ ပိုမိုပူးပေါင်း ဆောင်ရွက် လာလျှက်ရှိကြောင်း၊ ဒီရေတောများထိန်းသိမ်းရေး လုပ်ငန်းများသည် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အထောက်အကူပြုကြောင်း၊ ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ မကြာ ခဏ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ ယခုအကောင်အထည်ဖေါ်လျှက်ရှိသော ဒီရေတောပြန်လည် တည်ထောင်ရေး စီမံကိန်းသည် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး၊ သဘာဝဘေး အန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းမှ တားဆီးကာကွယ်ရေးနှင့် ဒီရေတော ဂေဟစနစ်ပြည်လည် ကောင်းမွန်လာစေရေးအတွက် အလွန် အထောက် အကူပြုလျှက်ရှိ ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ကုလ သမဂ္ဂရာသီဥတု ပြောင်းလဲမှုကွန် ဗင်းရှင်း၏ အဖွဲ့ဝင်များ၏ (၂၁) ကြိမ်မြောက် ညီလာခံ (COP 21) တွင် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့သဘောဆန္ဒအလျောက် လျှော့ချနိုင်မည့် ကာဗွန်ထုတ်လွှတ်မှု ပမာဏ(သို့မဟုတ်) ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းစဉ် Indented Nationally Determined Contribution (INDC) ကို တင်ပြမည်ဖြစ်ကြောင်း၊ သစ်တောကဏ္ဍသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် သစ်တောကဏ္ဍဆိုင်ရာ သတင်းအချက် အလက်စနစ်သည် အလွန်ပင်အရေးကြီးပါကြောင်း၊ ထို့ကြောင့် JICA သို့ အဆိုပြု ပေးပို့ထားသည့် စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်မှုဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှင့် သစ်တော သတင်းအချက်အလက်စနစ် ဖွံ့ဖြိုးစေရေးစီမံကိန်း အဆိုပြုလွှာများကိုလည်း အလေးထား စဉ်းစား ပေးစေလိုကြောင်း ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကိုကုဆိုင်းကိုဂျော ကုမ္ပဏီလီမိတက် ဥက္ကဌ မစ္စစန်ဒရာဝူးနှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ကိုကုဆိုင်း ကိုဂျော ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိသော “ဧရာဝ တီမြစ်ဝကျွန်း ပေါ်ဒေသ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီတောများ ပြန် တည်ထောင်ရေး စီမံကိန်း” ကို လုပ်ငန်းစီမံချက်နှင့် အညီအကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် ကိုကူးဆိုင်းကိုဂျော ကုမ္ပဏီ လီမိတက်တို့သည် မြန်မာနိုင်ငံ၏ သစ်တောပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ၂၀၀၃ ခုနှစ်မှစတင်၍ ယနေ့တိုင် ပူးပေါင်းဆောင်ရွက် လျှက်ရှိသည့် အတွက် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း၊ ဒီရေတောပြန်လည်ထူထောင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ပူးပေါင်းအကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သဘာဝနယ်မြေများစီမံအုပ်ချုပ်မှု လုပ်ငန်း များ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှုလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဂျပန်နိုင်ငံ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်သည့် နီကိုးအမျိုးသားဥယျာဉ်နှင့် ဖူဂျီတောင်အမျိုးသား ဥယျာဉ်တို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။