ရခိုင်ပြည်နယ်အတွင်းရှိ ဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများအား သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းသတင်း

ဒီရေတောများကို အပူပိုင်းနှင့် အပူသမပိုင်းဒေသများရှိ ကမ်းရိုးတန်း ဧရိယာများ တွင် တွေ့ရှိရပြီး၊ ၎င်းတို့သည် ထုတ်လုပ်မှုစွမ်းအား အကောင်းဆုံးဂေဟစနစ်မျာတွင် အပါအဝင် ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းအရှည်သည် ကီလိုမီတာ (၃၀၀၀) ခန့် ရှည်လျားပြီး ဒီရေတော များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ များ တစ်လျောက် အမြောက်အမြား တွေ့ရှိရသည်။ World Mangrove Atlas (၂၀၁၀) အရ မြန်မာ့ဒီရေတောများသည် ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်း၏ (၃.၃ %) ဖြစ်ပြီး ဒီရေတော ဧရိယာဟက်တာပေါင်း ၅၀၂,၉၁၁ (၁,၂၄၂,၁၉၀ ဧက) ပေါက်ရောက်လျက်ရှိ၍ အာရှဒေသတွင် တတိယအများဆုံးနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်အများဆုံး ဒီရေတောပေါက်ရောက် သောနိုင်ငံဖြစ်ပါသည်။
၎င်းဒီရေတောများသည့် မြန်မာ့ကမ်းရိုးတန်းဒေသများအား သဘာဝဘေးအန္တရာယ် ကျရောက် မှုမှ အကာအကွယ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလအတွင်း နာဂစ် မုန်တိုင်းတိုက်ခတ်စဉ်က ကဒုံကနိကြိုးဝိုင်းအတွင်းရှိ ဒီရေတောစိုက်ခင်း လက်ကျန်များ နှင့် သဘာဝတောလက်ကျန်များကြောင့် လူပေါင်းမြောက်များစွာ အသက် ရှင်နိုင်ခဲ့ကြ ပါသည်။ အလားတူ မိန်းမလှကျွန်းဘေးမဲ့တောကြောင့်လည်း လူပေါင်း များစွာ အသက်ရှင်သန်ခွင့်ရရှိခဲ့ကြပါသည်။ မုန်တိုင်းလမ်းကြောင်းတွင် ကန့်လန့်ခံလျက် တည်ရှိနေသည့် မိန်းမလှကျွန်းဘေးမဲ့တော၏မျက်နှာစာ (အနောက်ဘက်) ပိုင်းရှိ ကျေးရွာများမှာ လူနေအိမ်ခြေပျက်စီးမှုနှင့် လူအသေအပျောက် အလွန်များပြားခဲ့ သော်လည်း မိန်းမလှကျွန်းဘေးမဲ့တော၏ အကာအကွယ်ကိုရခဲ့သည့် အရှေ့ဘက်မှ ကျေးရွာများမှာ လူအသေအပျောက်နှင့် အိုးအိမ်ပျက်စီးမှုအလွန်နည်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ဒီရေတောကောင်းများသည် ပြင်းထန်သော မုန်တိုင်းအရှိန်အဟုန်အား လျော့ နည်းစေနိုင်ပြီး ဒေသခံပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ထိရောက်စွာ အကာ အကွယ် ပေးနိုင်ခဲ့သည်ကို ပြည်သူလူထု လက်တွေ့ သိရှိနားလည်ခဲ့ကြသည်။
ထို့ပြင် ဒီရေတောများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက် ရှိပြီး အခြားသစ်တောအမျိုးအစားနှင့် နှိုင်းယှဉ်ပါက ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ဖြစ်သည့် ကာဗွန်စုပ်ယူသိုလှောင်နိုင်စွမ်းအား ငါးဆမှ ဆယ်ဆခန့်အထိ ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ကမ္ဘာ့ရာသီဥတု ပူနွေးလာမှု ဖြစ်စဉ်များ လျော့ချရေးအတွက် ဒီရေတော ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးကို ကမ္ဘာတစ်ဝန်း အလေးထား ဆောင်ရွက်လာကြသည်။
မှီတင်းနေထိုင်ကြသော ဒေသခံပြည်သူများသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သော လောင်စာ၊ အစားအစာ၊ ဆေးဝါးနှင့် ပုံမှန်ဝင်ငွေတို့ အတွက် ဒီရေတော များအပေါ်တွင် မှီခိုနေကြရသည်။ ထို့ကြောင့်ကမ်းရိုးတန်းနေ ပြည်သူလူထု၏ လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီရေတောသယံဇာတများအား ရေရှည်အသုံး ပြုနိုင်ရေးတို့အတွက် ဒီရေတောများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ရန် အလွန် အရေးကြီးသည်။
ယခုအခါ လူမှုစီးပွားရေး အကြောင်းအမျိုးအမျိုးကြောင့် ဒီရေတောများ လျော့နည်း လာလျက်ရှိသောကြောင့် သစ်နှင့်ထင်း၊ မီးသွေးရှားပါးလာခြင်း၊ ဒီရေတောတွင် ပေါက်ဖွား ရှင်သန်ရသော ငါး၊ ပုဇွန်အစရှိသည့် ရေသတ္တဝါများ လျော့ပါး ပျောက်ကွယ်လာခြင်း၊ ကမ်းရိုးတမ်းဒေသများတွင် ရေလှိုင်းနှင့် မုန်တိုင်းဒဏ်များအား ပိုမိုခံစား လာရခြင်းနှင့် ဆားငန်ရေများ ကုန်တွင်းပိုင်းသို့ ပိုမိုစိမ့်ဝင်လာခြင်းစသည့် ဆိုးကျိုးများအား တစ်နေ့တစ်ခြား ပိုမိုကြုံတွေ့လာကြရပါသည်။ ဒီရေတောများ ပြုန်းတီးခြင်းကြောင့် ပင်လယ် ကမ်းရိုးတန်းနေ လူသားများ၏ လူမှုစီးပွားရေးအခြေအနေများ ထိခိုက်ကျဆင်းခြင်းနှင့် ပင်လယ်ကမ်းရိုးတန်း ဒေသ၏ ဂေဟစနစ်သည်လည်း ယိုယွင်းပျက်စီးလာသဖြင့် ရေရှည်တွင် ပို၍ကြီးမားသော ကပ်သင့်မှုများနှင့်ပင် ရင်ဆိုင်လာရနိုင်သဖြင့် ဒီရေတောများအား ထိန်းသိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းများအား အလေးပေးဆောင်ရွက်သွားရန် လိုအပ်ပါ သည်။
ထို့ကြောင့် ကျန်ရှိဒီရေတောများအား ထိန်းသိမ်းရေးနှင့် ပျက်စီးသွားသော ဒီရေတောများအား ပြန်လည်ထူထောင်ရေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် ဒီရေ တောထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ၊ ဥပဒေများကို နှစ်တို၊နှစ်လတ်၊နှစ်ရှည် စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက် ရှိပါသည်။
ရခိုင်ပြည်နယ်တွင် ဧက ၄ သိန်းကျော်ရှိပြီး၊ သဘာဝဒီရေတောဂေဟနစ်များသည် ငါး၊ ပုဇွန်စသည့် စားနပ်ရိက္ခာများကို ထုတ်လုပ်ပေးရုံသာမက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းနှင့် ဆူနာမီ ဒီရေလှိုင်းများကို ကာကွယ်တားဆီးပေးပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် အတွင်းရှိ ဝမ်ဗိုက်ဒီရေတောကြိုးဝိုင်းသည် ၁၉၃၁ ခုနှစ် က စတင်ဖွဲ့စည်းခဲ့ပြီး ဧရိယာဧက (၅၆၆၀၀) ရှိပါသည်။ ဝမ်ဗိုက်ဒီရေတောကြိုးဝိုင်းအတွင်း သဘာဝ ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီး စိုက်ခင်းပြန်လည်ထူထောင်ရန် လိုအပ်သော နေရာများတွင်လည်း ဒီရေတောစိုက်ခင်းများ နှစ်စဉ် တိုးချဲ့တည်ထောင် စိုက်ပျိုးလျက်ရှိရာ သစ်တောဦးစီးဌာနမှ တာဝန်ပုဂ္ဂိုလ်များ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဒီရေတောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ ဖွဲ့စည်းရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ဒီရေတောကြိုးဝိုင်း (၃) ခု ခန့်မှန်းဧရိယာ ဧက (၃၀၀၀၀) ခန့် ကြိုးပြင်ကာကွယ်တော (၇) ခု ခန့်မှန်းဧရိယာ (၇၁၅၀၀၀) ဧက ခန့် ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ရှိ ဒီရေတောများအား ဒေသခံပြည်သူလူထု လူမှုစီးပွားရေးနှင့် သဘာဝဘေး အန္တရာယ်မှ ကာကွယ်တာဆီးရေးတို့အတွက် အလွန်အရေးပါလျက်ရှိရာ သစ်တောဦးစီးဌာနမှ ကာကွယ် ထိန်းသိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။