ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)နှင့် အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)နှင့် အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခြင်းသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)နှင့် မြန်မာနိုင်ငံမြေတိုင်း ကျောင်း၊ အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို (၂၃.၁၁.၂၀၁၅)ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ အမှာ စကားပြောကြားပါသည်။
အဆိုပါအခမ်းအနားသို့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ ကျောင်းဆင်း သင်တန်းသားများနှင့် မိသားစုများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အလံကိုင်တပ်ဖွဲ့နှင့် သင်တန်းဆင်းတပ်ခွဲများမှ ပြည်ထောင်စုဝန်ကြီးအား အလေးပြုကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းနှင့် မြေတိုင်းကျောင်းတို့မှ ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆု၊ လက်တွေ့ထူးချွန်ဆု၊ အားကစားထူးချွန်ဆုနှင့် စစ်ရေးပြ အကောင်းဆုံးတပ်ခွဲဆုရ သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ပါသည်။
ကျောင်းဆင်းပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံသစ်တောကျောင်းသည် သက်တမ်း(၁၁၇)နှစ်နှင့် မြေတိုင်းကျောင်း၏ သက်တမ်းသည်လည်း (၆၈)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ရာ နှစ်ကာလကြာရှည်စွာ ဖွင့်လှစ်သင်ကြားခဲ့သည့် အတတ် ပညာသင်ကျောင်းများဖြစ်ကြကြောင်း၊ သစ်တောကျောင်းကို ၁၈၉၈ခုနှစ်က သာယာဝတီမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပျဉ်းမနား၊ အင်းစိန်နှင့် ပြင်ဦးလွင်မြို့တို့တွင် ခေတ်အဆက်ဆက် အခြေခံ သစ်တောပညာရပ်များ သင်ကြားပို့ချခဲ့ရာ အမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့ အထိ သင်တန်းသားဦးရေ(၅၉၅၈)ဦး မွေးထုတ်ခဲ့ပြီး မြေတိုင်းကျောင်းမှလည်း သင်တန်းသား (၁၂၁၁၈)ဦး သင်ကြားမွေးထုတ်ခဲ့ပြီး ဖြစ်ကြောင်း၊

ယခုကျောင်းတော်ကြီးများမှ သင်ကြားပေးခဲ့သည့် စာတွေ့/လက်တွေ့ပညာရပ်များနှင့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ သင်ကြားတတ်မြောက်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး စဉ်ဆက်မပြတ်လေ့လာဆည်းပူး တီထွင်ကြံဆလုပ်ကိုင်ကြရန်ကို မှာကြားလိုကြောင်း၊ ဝန်ထမ်းကောင်းများ ပီသစွာ တာဝန်သိ၊ တာဝန်ယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့ဝန်ထမ်း များဖြစ်သည်နှင့်အညီ ပြည်သူကို ကူညီပေးရန်၊ ပြည်သူ့အကျိုးသယ်ပိုးပေးရန် တာဝန်ရှိကြောင်းကို အလေးအနက်ထား ခံယူကြရမှာဖြစ်ကြောင်း၊
သစ်တောနယ်မြေအတွင်း ဒေသခံများ၏ ဆန္ဒနှင့်အညီ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတို့တွင် ခွင့်ပြုပေးလျှက်ရှိကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည့်အတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်ကို အလေးအနက်ထား ဆောင်ရွက် ကြရန် မှာကြားလိုကြောင်း၊
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၏ ဆိုးကျိုးများကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံ၊ မြေပြိုမှု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ခြင်းသည် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မကြုံစဖူးထူးကဲစွာ ရေဘေးအန္တရာယ်ဆိုးဆိုးရွားရွား ကျရောက်ခံစားခဲ့ကြရသည် ကို သိရှိကြပြီးဖြစ်ကြောင်း၊ အချို့မြို့နယ်များ၌ ရေဘေးအန္တရာယ်ကို မိုးတွင်းကာလတစ်ခုအတွင်း တွင် နှစ်ကြိမ်မက ခံစားခဲ့ကြရကြောင်း၊ ရေဘေးဒုက္ခခံစားခဲ့ကြရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်တို့တွင် အိမ်အလုံးပေါင်း(၄၁၇)လုံးကို စေတနာရှင်ပြည်သူများ၏ ထည့်ဝင်လှူဒါန်း ငွေများ အပါအဝင်ဖြင့် ဆောက်လုပ်ပံ့ပိုးလျှက် ရှိသကဲ့သို့ ကလေးငယ်များပညာသင်ကြားရေးတွင် အရေးတကြီးလိုအပ်နေသည့် စာသင်ခုံပေါင်း (၆၇၄၂၆)လုံးကိုလည်း ပြည်နယ်/တိုင်းဒေသကြီး(၄)ခု တွင်ရှိသည့် စာသင်ကျောင်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းဆင်းပြီး တာဝန်ကျဒေသများကို ရောက်ရှိကြသည့်အခါ မပြီးပြတ်သေးသည့် ရေဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ပါဝင်ကူညီ ဆောင်ရွက်ပေး သွားကြရန် မှာကြားလိုကြောင်း၊
သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးစေသည့် အဓိကအချက်တစ်ချက်ဖြစ်သည့် တရား မဝင် သစ်ခိုးထုတ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလကုန်အထိ တရားမဝင် ကျွန်းနှင့်သစ်မာ တန်(၂၈၀၀၀)ကျော်နှင့် တရားမဝင်သစ် လုပ်ကိုင်သည့် တရားခံ(၂၆၁၇)ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ နယ်မြေဒေသအသီးသီးတွင် တရားမဝင်သစ် ဖော်ထုတ်ဖမ်းဆီးရေးကို ပင်မတာဝန်တစ်ရပ်အနေဖြင့် ခံယူဆောင်ရွက်သွားကြရန် ပြောကြားပါသည်။
ထို့နောက် အလံကိုင်တပ်ဖွဲ့နှင့် သင်တန်းဆင်းတပ်ဖွဲ့များမှ စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြပါသည်။ ဆက်လက်ပြီး သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ပေးအပ်သည့် အခမ်း အနားကို မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်း(United Nations Framework Convention on Climate Change - UNFCCC) ကို ၁၉၉၂ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ဖန်လုံအိမ်ဓါတ်ငွေ့ လျော့ချနိုင်ရေးအတွက် ကျိုတို ပရိုတိုကောလ်(Kyoto Protocol) ကို ၁၉၉၇ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပထမအဆင့်အနေဖြင့် ၁၉၉၇ခုနှစ်မှ ၂၀၁၂ခုနှစ်ကာလအတွင်း ကာဗွန်ထုတ်လွှတ်မှုလျော့ချရန် သဘောတူညီခဲ့ကြပါကြောင်း၊ ၂၀၁၂ခုနှစ်အလွန် ၂၀၂၀ခုနှစ်အထိ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ကျစေရေးအတွက် ဒုတိယအဆင့် ကတိကဝတ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊
အမျိုးအသားအဆင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (INDCs)တွင် ထည့်သွင်းဖော်ပြမည့် အချက်များမှာ ရာသီဥတု ပြောင်းလဲမှုလျော့ချခြင်း(Mitigation)၊ လိုက်လျောညီထွေမှုဖြစ်စေခြင်း(Adaptation)၊ စွမ်းဆောင် ရည်တည်ဆောက်ခြင်း(Capacity Building)၊ နည်းပညာဖွံ့ဖြိုးရေးနှင့် လွှဲပြောင်းပေးခြင်း (Technology Development and Transfer)၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်(Financial Mechanism) များ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (INDCs) ကို ချမှတ်ထားသည့် မူဘောင် အတိုင်း ရေးဆွဲပြုစုပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ် လွှတ်မှုလျော့ချရေး(REDD + ) ၊ အမျိုးသားရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ် ရေးဆွဲရေးစသည်များ ဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံဒေသအတွင်းသာမက ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု တားဆီးလျော့ချရေး အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
မြန်မာနိုင်ငံသစ်တောကျောင်း၊ သင်တန်းဆင်းအောင်လက်မှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာတွင် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)မှ သင်တန်းသား(၉၄)ဦး၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)မှ သင်တန်းသား(၁၅)ဦး၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄)မှ သင်တန်းသား(၁၀၄)ဦးတို့ကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစားအရာရှိကြီးများသည် ထူးချွန်ဆုရသင်တန်းသားများ၊ အလှူရှင်များနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။