ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင်ဦးဆောင်သည့်အဖွဲ့ နီပေါနိုင်ငံတွင်ကျင်းပပြုလုပ်သည့်အာရှနိုင်ငံအတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သောပတ်ဝန်းကျင်ရရှိရေးအတွက်ပို့ဆောင်ရေးကဏ္ဍဆိုင်ရာနဝမအကြိမ်မြောက်ဖိုရမ်သို့တက်ရောက်

၂၄-၁၁-၂၀၁၅ ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကော်မရှင် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာအစီအစဉ်(UN ESCAP)၊ ကုလသမဂ္ဂဒေသဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဗဟိုဌာန (United Nations Centre for Regional Development -UNCRD) ၊ နီပေါနိုင်ငံ အဆောက်အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပတ်ဝန်း ကျင်ဝန်ကြီးဌာနတို့ပူးပေါင်း၍ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနိုင်ငံများအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင် ရရှိရေးအတွက် ပို့ဆောင်ရေးကဏ္ဍဆိုင်ရာအစိုးရအချင်းချင်း နဝမအကြိမ်မြောက် ဒေသအဆင့်ဖိုရမ် (Intergovernmental Ninth Regional Environmentally Sustainable Transport (EST) Forum in Asia)သို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ သက်သက်ဇင် ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ အာရှဒေသ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အာရှဒေသ ပို့ဆောင် ရေးကဏ္ဍဆိုင်ရာဖိုရမ်၏ ကျွမ်းကျင်သူများဆိုင်ရာ အကူလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ကဏ္ဍစုံဖွံ့ဖြိုးမှုဘဏ်များ၊ သိပ္ပံနည်းပညာနှင့် သုတေသနအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နီပေါနိုင်ငံ ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများနှင့် လေ့လာသူများ စုစုပေါင်း ကိုယ်စားလှယ်(၃၅၀) ကျော် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် Hyatt Regency Hotel ၌ ကျင်းပပြုလုပ်ရာ နီပေါနိုင်ငံဝန်ကြီးချုပ် Mr. K. P. Sharma Oli ၊ နီပေါနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အဆောက်အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Bijaya Kumar Gachhadar ၊ ကုလသမဂ္ဂ ဒေသဆိုင်ရာဖွံဖြိုးတိုးတက်ရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး Ms. Chikako Takase နှင့် ဂျပန် နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ Councillar Mr. Teruyoshi Hayamizu တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားကြပါသည်။
ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ဒေသအဆင့်ဖိုရမ်ကို ၂၀၀၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ် ဖိုရမ်၏ ဆောင်ပုဒ်မှာ အာရှဒေသအတွင်း အဆောက်အအုံများ လုံခြုံစိတ်ချရမှု၊ ကာဗွန်သုံးစွဲမှု လျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်မှုဒဏ် ခံနိုင်ရည်ရှိသည့် မြို့ပြများတည်ဆောင်နိုင်ရေး (EST for Resiliency- Building Safe, Smart, Low-Carbon and Resilient Cities in Asia) ဖြစ်ပါသည်။
အဆိုပါဖိုရမ်တွင် အာရှဒေသတွင်းရှိနိုင်ငံများ၏ပို့ဆောင်ရေးကဏ္ဍလုံခြုံစိတ်ချရမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်အတွေ့အကြုံများကို နိုင်ငံအလိုက်တင်ပြကြပါသည်။
ဆက်လက်၍ ကျွမ်းကျင်ပညာရှင်များက ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ၂၀၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်များ၊ ပို့ဆောင်ရေးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများ၊ ထိခိုက် ခံစားလွယ်မှု၊ လိုက်လျောညီထွေဆောင်ရွက်မှု အခြေအနေများ၊ ဤ အမျိုးသားအဆင့်ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ခတ္တမန္ဒူဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ရရှိရေးအတွက် ပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ၂၀၃၀ ခုနှစ် မဟာဗျူဟာစီမံကိန်းများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ လုံခြုံစိတ်ချရမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ သဘာဝဘေးအန္တရာယ်ခံနိုင်ရည် ရှိသော ပို့ဆောင်ရေးကဏ္ဍဆိုင်ရာအကြောင်းအရာများနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသည့် အဆောက် အုံနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ရန်ပုံငွေများအကြောင်းတို့ကို ဆွေးနွေးတင်ပြကြပါကြောင်း သတင်းရရှိပါ သည်။