ရေအားလျှပ်စစ်ကဏ္ဍအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးစံချိန်စံညွှန်းများဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁) သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ပူးပေါင်း၍ ရေအားလျှပ်စစ် ကဏ္ဍအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးစံချိန်စံညွှန်းများဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ပါသည်။
အဆိုပါကနဦးအလုပ်ရုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီး International Finance Corporation (IFC) မှ မြန်မာနိုင်ငံ၏ ဌာနေမန်နေဂျာဖြစ်သူ Vikram Kumar က နူတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့ပါသည်။ ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့်စုစုပေါင်း ကိုယ်စားလှယ် (၉၇) ဦး တက်ရောက်ခဲ့ပါသည်။ IFC သည် သြစတြေးလျအစိုးရ၏ အထောက် အပံ့ဖြင့် ပါဝင်ပတ်သက်သူ (Stakeholders) များအတွက် ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ခြင်းဖြစ်ပါသည်။ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ရေအားလျှပ်စစ်ကဏ္ဍ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာထိခိုက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံနှင့် အမြင်များ ကို ဆွေးနွေးခဲ့ကြပါသည်။
ယခု ကနဦးအစည်းအဝေးပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ များတွင်လည်း IFC မှကျင့်သုံးနေသည့် စံချိန်စံညွှန်းများအား ထိခိုက်မှုလျော့နည်းစေသည့် လမ်းညွှန်ချက်တစ်ခုအဖြစ် မည်သို့အသုံးပြုသင့်ကြောင်းနှင့် အစိုးရဌာနများအနေဖြင့် IFC ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်များနှင့်စပ်လျဉ်းသည့် (၂) ရက်ကြာသင်တန်းကို လည်း ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသည် ရေအားလျှပ်စစ်ကဏ္ဍအတွက် မူဝါဒ လမ်းညွှန်ချက်အသစ်တစ်ရပ် ပေါ်ထွက်လာနိုင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအကြား ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစံချိန်စံညွှန်းများနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းစဉ်များအနက် ပထမဦးဆုံးသောသင်တန်းဖြစ်ပါသည်။ ယခုသင်တန်းသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ စက်တင်ဘာလ၌ သုံးဦးသုံးဖလှယ် လက်မှတ်ရေးထိုးထား သည့် အကြံပေးသဘောတူစာချုပ် (Advisory Agreement) ပါလုပ်ငန်းစဉ်များမှ ရလဒ်တစ်ခု ဖြစ်ပါသည်။ ဆက်လက်၍ IFC အနေဖြင့် အခြားအရေးကြီးသည့် နယ်ပယ်များဖြစ်သည့် လူထု သဘောထားရယူခြင်း၊ ဆည်များ၏ Cascades များကြောင့် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများအား ဖြေရှင်းခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်းနှင့် ဆည်အောက်ဘက်ရေစီးဆင်းမှုကို စီမံခန့်ခွဲခြင်းများနှင့်ပတ်သက်၍လည်း သင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။