ကျေးလက်နေပြည်သူများနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ထင်းအစားအခြားလောင်စာကျယ်ပြန့်စွာ သုံးစွဲကြစေရေးအလေးပေးဆောင်ရွက် ဒီဇင်ဘာ( ၁) ရက် ၊ နေပြည်တော်

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းစစ်တမ်းအရ မြို့ပြဒေသများတွင် အိမ်ထောင်စု ၅၀% ကျော်ခန့်၊ ကျေးလက်ဒေသများတွင် ၈၀% ခန့်သည် ထင်း၊ မီးသွေးကို အစားအစာချက်ပြုတ်ရာ၌ လောင်စာအဖြစ် အသုံးပြု လျက်ရှိကြောင်းသိရသည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ဒေသခံပြည်သူများ ထင်းလောင်စာအခက်အခဲ ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် ကျေးရွာသုံးထင်းစိုက်ခင်းများတည်ထောင်၍ နီးစပ်ရာ ကျေးရွာများအား ထင်းဝေငှမှုဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ရန် ခွင့်ပြု ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာ တစ်ရွာလျှင် ဘက်စုံသုံးစိုက်ခင်း(၁)ဧက၊ တစ်အိမ်ထောင်သစ်မာ(၂၀)ပင်၊ တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ထင်းအစားအခြားလောင်စာ တိုးမြှင့် သုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖို ၊ လောင်စာတောင့်များဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ တိုးချဲ့သုံးစွဲစေရေးပညာပေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ တို့သည် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒေသတာဝန်ခံပုဂ္ဂိုလ်များလိုက်ပါလျက် နိုဝင်ဘာလ(၂၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ ပုဂ္ဂလိကပိုင် မြန်မာဘိုင်အိုမတ်စ် ပါဝါ ကုမ္ပဏီ၏ စပါးခွံ့လောင်စာတောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို သွားရောက်ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါကုမ္ပဏီရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ခံ ဒေါက်တာလှစိုးက စပါးခွံ့လောင်စာတောင့် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ စပါးခွံ့လောင်စာတောင့်မှ ထုတ်လုပ် ပေးနိုင်မည့် စွမ်းအင်ပမာဏ၊ စပါးခွံ့လောင်စာတောင့်ဖြင့် ထင်းလောင်စာ လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာ၌ လောင်စာတောင့်ထုတ်လုပ်မှု လေ့လာတွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရှိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးများက နိုင်ငံတော်အစိုးရ၏ စွမ်းအင်ကဏ္ဍ ဆောင်ရွက်ချက် များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းချပြကာ စပါးခွံလောင်စာတောင့် ထုတ်လုပ်၍ စွမ်းအင် လောင်စာပံ့ပိုးနိုင်မှု၊ စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံခန့်ခွဲ၍ လောင်စာအဖြစ် ပြောင်းလဲအသုံးချနိုင်မှု၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ အတွက် လောင်စာဖြည့်ဆည်းပေးနိုင်မှု၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမှု၊ နိုင်ငံတကာကွန်ယက်နှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်မှု စသည်တို့အပေါ် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။