အင်းလေးကန် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် ဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ဒီဇင်ဘာ ၄၊ နေပြည်တော်

အင်းလေးကန် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် ဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင်ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ Aureum Palace Resort & Spa ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောသတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း နှင့် အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဝင်းမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ UNESCO ၊ UNDP ၊ UNHABITAT ၊ INGO / NGO များနှင့်ဒေသခံလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ယူနက်စကို လူသားနှင့်ဇီဝအဝန်းနယ်မြေ အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏(၂၇) ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံအတည်ပြုချက်အရ အင်းလေးကန်ဒေသကို လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ်( Man and Biosphere Reserve- MAB)ထဲတွင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဇီဝအဝန်းနယ်မြေတစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခံခဲ့ရသည့်အတွက် အထိမ်းအမှတ်တစ်ခုအနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ အင်းလေးကန်ဒေသဇီဝအဝန်းနယ်မြေသည် မြန်မာနိုင်ငံ အတွက် ပထမဆုံသတ်မှတ်ခံရသည့် ဇီဝအဝန်းနယ်မြေဖြစ်ပြီး ကမ္ဘာပေါ်တွင် ယူနက်စကို အဖွဲ့ဝင်နိုင်ငံ များအနက် နိုင်ငံ (၁၂၀) တွင် ဇီဝအဝန်းနယ်မြေစုစုပေါင်း ၆၅၁ ခု သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်း၊ အင်းလေးကန်ဒေသသည် မြန်မာနိုင်ငံအတွက် ထူးခြားထင်ရှားသည့် ဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၂၀၀၀) ကျော်တွင်တည်ရှိသည့် ကုန်းတွင်းရေချိုအိုင်ကြီး ဖြစ်၍ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ ဓလေ့ထုံးတမ်း စဉ်လာနှင့် ရိုးရာ ယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာသမိုင်းဝင်အဆောက်အဦများစသည့်သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို တစ်နေရာတည်းတွင်တွေ့ရှိရသည့် ဒေသတစ်ခုဖြစ်သည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းစဉ်တွင် ကမ္ဘာ့အဆင့် အရေးပါ သည့် နယ်မြေတစ်ခုအဖြစ်ထင်ရှားနေသည့်အတွက် ယခုလိုသတ်မှတ်ခံရသည်ကို ဂုဏ်ယူဝမ်းမြောက် ကြရမည်ဖြစ်ကြောင်း၊အင်းလေးကန်အား လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခြင်းခံရသည့် ဇွန်လ(၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးမှ အင်းလေးဒေသသို့ ရောက်ရှိနေချိန်ဖြစ်ပြီး သမ္မတကြီး ကိုယ်တိုင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊
ဇီဝအဝန်းနယ်မြေတစ်ခုတွင် အဓိကအရေးအကြီးဆုံးမှာနယ်မြေပိုင်းခြားစီမံအုပ်ချုပ်ခြင်းဖြစ်ပြီး အမာခံထိန်းသိမ်းရေးနယ်မြေ (Core Area)၊ ကြားခံနယ်မြေ (Buffer Area ) နှင့် အသုံးပြုနယ်မြေ/ ဖွံ့ဖြိုးရေးဇုန်နယ်မြေ(Transition Area)စသည်ဖြင့်ပိုင်းခြားပြီး ဒေသခံများ၏လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဟန်ချက်ညီညီ အုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အင်းလေးကန်ဇီဝအဝန်းနယ်မြေ သတ်မှတ်အတည်ပြုချက်နှင့်အတူ MAB-ICC ကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အကြံပြုချက်တွင် အော်ဂဲနစ်စိုက်ခင်းများ တည်ထောင်ရန်၊ ပြည်ပသီးနှံမျိုးစိတ်များ စိုက်ပျိုးခြင်းထက် ဒေသတွင်းသီးနှံမျိုးများပိုမိုစိုက်ပျိုးရန်၊ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးအပါအဝင် ဓာတုဆေးဝါးများအသုံးပြုမှုကို လျှောချသုံးစွဲရန် ထည့်သွင်းဆုံးဖြတ်ထားပါကြောင်း၊
အင်းလေးကန် ဇီဝအဝန်းနယ်မြေနှင့် ပတ်သက်၍ မူလဖွဲ့စည်းပြီး နိုင်ငံအဆင့် MAB ကော်မတီနှင့်လုပ်ငန်းအဖွဲ့များအပြင် နယ်မြေအုပ်ချုပ်လုပ်ကိုင်မှုအား လက်တွေ့ထိရောက်စွာ ကြီးကြပ် ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့ (Management Committee)တစ်ခုဖွဲ့စည်းသွားရန်လိုအပ်ပြီး အဆိုပါအဖွဲ့ကို အထောက်အကူပြုနိုင်ရန် ဒေသဆိုင်ရာအကြံပေးအဖွဲ့( Advisory Committee) တစ်ခုကို ဒေသခံကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များပါဝင်ထားရှိ ဖွဲ့စည်းသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေး၊ သဘာဝအမွေအနှစ်များနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ဆက်လက်တည်တံ့နေစေရေးတို့ကို အထူးအလေးထားပြီး စနစ်တကျဖြင့် သတ်မှတ် ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် အကျိုးဆက်စပ်ပတ်သက်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်သည်ကို အလေး အနက်ထား တိုက်တွန်းပြောကြားလိုကြောင်း၊ ဇီဝအဝန်းနယ်မြေများ စီမံအုပ်ချုပ်မှုအတွက် နိုင်ငံတကာသတ်မှတ်ချက်များ ရှိပြီးသည့်အပေါ်တွင် မိမိတို့ရေ၊ မြေ၊ ဓလေ့ထုံးစံများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီသည့် စီမံအုပ်ချုပ်မှုပုံစံတစ်ခုကို ချမှတ်ရေးဆွဲနိုင်ရေး အတွက် တက်ရောက်လာသူများမှ မိမိတို့အတွေ့အကြုံများ၊ အသိပညာများကိုအသုံးပြု၍ ဝိုင်းဝန်း အကြံပြုပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍UNESCO အာရှနှင့် ပစိဖတ်ဒေသတွင်းဆိုင်ရာ ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံ ဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီးနှင့်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ကိုယ်စားလှယ်တို့မှ အမှာစကား အသီးသီး ဆက်လက်ပြောကြားခဲ့ပါသည်။ ယခုအထိမ်းအမှတ် အခမ်းအနားနှင့်ဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ UNESCO မြန်မာအစီအစဉ်တို့ မှပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ပြီး(၄-၁၂-၀၁၅) ရက်နေ့တွင် ညောင်ရွှေမြိုနယ်၊ Aureum Palace Resort & Spa ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။