ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပဲခူးရိုးမဖြတ်ကျော်လေ့လာရေးခရီးစဉ်သွားရောက်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (၄-၁၂-၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပဲခူးရိုးမဖြတ်ကျော် လေ့လာ ရေးခရီးစဉ်သွားရောက်ခြင်း ဖွင့်ပွဲအခမ်းအနားကို (၄-၁၂-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာရှိသည့် တည်ထောင်ပြီး၊ တည်ထောင်ဆဲ ပုဂ္ဂလိကသစ်တောစိုက်ခင်းများကို ရည်မှန်းချက်အတိုင်း အဆင့်အတန်းမီ အောင်မြင် ရှင်သန်ရေးအတွက် စိုက်ခင်းပြုစုထိန်းသိမ်းရေးလုပ်ငန်းများနည်းစနစ်မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းပြီးဖြစ်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့ အကြုံကောင်းများမှတစ်ဆင့် စိုက်ခင်းတည်ထောင်ခြင်းဆိုင်ရာ ဗဟုသုတရရှိစေရေး၊ ပုဂ္ဂလိက စိုက်ခင်းတည်ထောင်သည့်အခါရရှိမည့် အခွင့်အလမ်းများ၊ တွေ့ကြုံရမည့်အခက်အခဲများကို စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းမည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး ပြီး ရလဒ်ကောင်းများ ဖော်ထုတ်နိုင်ရေး ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊
ထို့အပြင် ပဲခူးရိုးမဖြတ်ကျော်လေ့လာရေးခရီးစဉ်လိုက်ပါခြင်းအားဖြင့် လမ်းတစ်လျှောက် အောင်မြင်ဖြစ်ထွန်းလျှက်ရှိသည့် ဌာနနှင့်ပုဂ္ဂလိက သစ်တောစိုက်ခင်းများ၊ သစ်တောပြုစုထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ပဲခူးရိုးမသဘာဝတောများကို အနီးကပ်လေ့လာကြည့်ရှုခြင်းဖြင့် လုပ်ငန်းရှင်များအဖို့ ရရှိလာမည့်နည်းပညာနှင့် စိုက်ခင်းပြုစုခြင်းစနစ်များကို မိမိတို့၏ စိုက်ခင်းများ တွင် ပြန်လည်အသုံးချဆောင်ရွက်နိုင်ရေးသာမက သတင်းမီဒီယာများအနေဖြင့်လည်း ခရီးစဉ်အတွေ့ အကြုံမှတစ်ဆင့် သစ်တောကဏ္ဍဆိုင်ရာ ဗဟုသုတသတင်း ဆောင်းပါးများဖြင့် ပြည်သူလူထု သိရှိ လာစေရေး ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ သစ်တောများကို ၁၈၅၆ခုနှစ်မှ စတင်၍ သိပ္ပံနည်းကျ စီမံအုပ်ချုပ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ သစ်တောများအခြေအနေကို ပြန်လည် သုံးသပ် ကြည့်မည်ဆိုပါက အလွန်အကျွံသစ်ထုတ်ခြင်း၊ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ ပုစွန်/ငါးမွေးကန် များဖော်ထုတ်ခြင်း၊ ထင်းမီးသွေးလောင်စာ ထုတ်လုပ်ခြင်း၊ တောမီးလောင်ခြင်း၊ ပိုးမွှားရောဂါများ ကျရောက်ခြင်း၊ သတ္တုသယံဇာတများတူးဖော်ထုတ်လုပ်ခြင်း၊ ဆည်ရေလှောင်တမံများ ဆောက်လုပ် ခြင်း၊ မြို့ပြချဲ့ထွင်ခြင်း စသည့်ဖွံ့ဖြိုးမှုစီမံကိန်းများကြောင့် ဆောင်ရွက်ခြင်းအကြောင်းများ အခြား နိုင်ငံများနည်းတူ သစ်တောများနှစ်စဉ်ပြုန်းတီးလျှက်ရှိကြောင်းကိုတွေ့မြင်ရမှာဖြစ်ပါကြောင်း၊
အနာဂတ်ကာလ နိုင်ငံတော်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ တိုးတက်မှု များပြားလာတဲ့ ပြည်သူလူထု၏ သစ်လိုအပ်ချက်ဖြည့်ဆည်းပေးရေးနှင့် ပုဂ္ဂလိက သစ်တောကဏ္ဍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် Private Public Partnership-PPP နည်းလမ်းဖြင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်မှစ၍ စိုက်ပျိုးခွင့်ပြုပေး လျှက်ရှိပါကြောင်း၊ ၂၀၀၆ခုနှစ်မှ ယခု ၂၀၁၅ ခုနှစ်အထိ ပုဂ္ဂလိကကျွန်းစိုက်ခင်း (၂၃၁,၄၈၀)ဧက၊ ပုဂ္ဂလိကသစ်မာ စိုက်ခင်း (၁၁၇,၇၈၄) ဧက စိုက်ပျိုးရန်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကသစ်တောကဏ္ဍစီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်နှင့် သစ်အခြေ ခံစက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းရရှိရေး၊ ပြည်တွင်းသစ်လိုအပ်ချက်များကို တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် ဧက (၁၀၀၀) နှင့်အထက် အကြီးစားရင်းနှီးမြှပ်နှံမှုဖြင့် စိုက်ပျိုးဆောင်ရွက်လိုသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ပထမ အကြိမ်အိတ်ဖွင့်တင်ဒါစနစ်(Open Tender) နဲ့ သစ်တောမြေငှားရမ်းပြီး ပုဂ္ဂလိကသစ်တောစိုက်ခင်း တင်ဒါလုပ်ကွက်(၃၄)ကွက် ၊ သစ်တောမြေ (၈၂၉၀၉)ဧကကို လုပ်ငန်းရှင်(၁၈)ဦးမှ တင်ဒါအောင်မြင် ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ဒါလုပ်ကွက်(၇)ကွက်၊ ဧရိယာ (၁၁၁၂၄)ဧက ကို လုပ်ငန်းရှင်(၆)ဦးမှ တင်ဒါ အောင်မြင်ခဲ့ပြီး ပုဂ္ဂလိကသစ်တောစိုက်ခင်းများ စိုက်ပျိုးရန် ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက စီမံခန့်ခွဲသည့် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်းတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးကြ ရခြင်းဖြစ်သည့်အတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်းများအောင်မြင်ရန် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊
တက်ရောက်လာသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များကလည်း ပုဂ္ဂလိက သစ်တောစိုက်ခင်းများ အဆင့်အတန်းမီ ရှင်သန်အောင်မြင်ရေးအတွက် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ကွဲပြား သည့် လုပ်ငန်းအတွေ့အကြုံဗဟုသုတများ၊ အမြင်များနဲ့ စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးအကြံ ပြုပေးကြရန်နှင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကို မိမိဝန်ထမ်းများနှင့် ပတ်သက်ဆက်စပ် သူအားလုံးကို ပြန်လည်မျှဝေပေးရန် တိုက်တွန်းမှာကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အဆင့် မြင့်အရာရှိကြီးများ၊ သစ်တောဦးစီးရုံးချုပ်မှ အရာထမ်းနှင့် အမှုထမ်းများ အနယ်နယ်အရပ်ရပ်မှ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းရှင်များ(၁၂၃)ဦးနှင့် သတင်းမီဒီယာများမှ (၂၄)ဦး တက်ရောက်ခဲ့ ကြပြီး ပညာရှင်များမှစာတမ်း(၅)စောင်ကို ဖတ်ကြားရှင်းလင်းတင်ပြသွားခဲ့ပါသည်။ (၅-၁၂-၂၀၁၅) ရက်နှင့် (၆-၁၂-၂၀၁၅)ရက်များတွင် ပုဂ္ဂလိကသစ်တော စိုက်ခင်းလုပ်ငန်းရှင်(၅၃)ဦး၊ သတင်းမီဒီယာ (၂၀)ဦးနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးရိုးမဖြတ်ကျော်လေ့လာရေး ခရီး စဉ်အား သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။