ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန တောအုပ်များ စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဆရာဖြစ်သင်တန်း ကျင်းပခြင်းသတင်း (၇.၁၂.၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊တောအုပ်များ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆရာဖြစ်သင်တန်းကို သစ်တောသုတေသနဌာန(ရေဆင်း) ၌ (၇.၁၂.၂၀၁၅) ရက်နေ့၊ နံနက် (၈:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် သစ်တောလုပ်ငန်းများ ကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်နေရသည့် တောအုပ်အဆင့်ဝန်ထမ်းများကို ပြောင်းလဲလာသည့် ခေတ်စနစ်၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ် စေရန်အတွက် တစ်ဆင့်ပြန်လည်သင်ကြားပေးရမည့် ဆရာဖြစ်သင်တန်း တစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တောအုပ်များသည် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ တရားမဝင် သစ်ထုတ်မှုများ ဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ရေး လုပ်ငန်းများတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် တောအုပ် အဆင့် ဝန်ထမ်း များ၏စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ခံယူချက်များ ကောင်းမွန်စေရန် လိုအပ် ပါကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုများ ရှိနေစေရန်လည်း လိုအပ်ပါကြောင်း၊တောအုပ်အဆင့်ဝန်ထမ်းများသည် သစ်တောဦးစီးဌာန၏ကျောရိုး(Backbone) များဟုဆိုရလောက်အောင် မြေပြင်တွင် ကိုယ်တိုင်ဦးဆောင်နေရသည့် ခေါင်းဆောင်ငယ်များဖြစ် ပြီး ၇၀%သော ကျေးလက်နေပြည်သူများနှင့် ထိတွေ့ဆောင်ရွက်နေရသည့် ဝန်ထမ်းများဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအရ ဝန်ထမ်းအဆင့်ဆင့်တွင် တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အသီးသီးရှိကြရမှာဖြစ်သည့်အတွက် အရည်အသွေးနှင့် ပြည့်စုံသည့် ဝန်ထမ်းများဖြစ်ရန်လည်းလိုအပ်ကြောင်း၊ သစ်တောသယံဇာတများကို စဉ်ဆက် မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် စီမံအုပ်ချုပ်ရသည့်လုပ်ငန်းဖြစ်သော်လည်း ကမ္ဘာနှင့်အဝှမ်း သစ်တော များပြုန်းတီးပြီး ရာသီဥတုပြောင်းလဲကာ သဘာဝဘေးအန္တရာယ်များ ကျရောက်လာနေသော ကြောင့် သစ်တောထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများထုတ်ယူသုံးစွဲရေးကို ထိန်းညှိ ပြီး သားစဉ်မြေးဆက်တည်တံ့စေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းကို လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိနှင့်တကွ အဖွဲ့အစည်းတစ်ရပ်လုံး၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ စီမံဆောင်ရွက်တတ်စေရန်၊ စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ လုပ်ထုံးလုပ်နည်းများနှင့် အတွေ့အကြုံဗဟုသုတများ တိုးပွားလာ၍ သက်ဆိုင်ရာပြည်နယ် နှင့်တိုင်းဒေသကြီးများမှ တောအုပ်များအား ပြန်လည်ဖြန့်ဝေနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအတွက် အလွန်အရေးပါသည့် သင်တန်းတစ်ခု ဖြစ်သည့်အတွက် သင်တန်းသား အရာရှိများအနေဖြင့် သင်တန်းရည်ရွယ်ချက်ပြည့်မီစေရန်နှင့် မျှော်မှန်းထားသည့်အကျိုးရလဒ်များ ရရှိစေရန်အတွက် အထူးကြိုးစား စူးစမ်းမှတ်သားသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊အမြဲတမ်း အတွင်းဝန်ဦးခင်မောင်ရီ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
သင်တန်းကို ရက်တိုကာလ(၇)ရက် သက်မှတ်ထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဦးစီးအရာရှိများအနက် ဆင့်ပွားသင်တန်းပို့ချပေးနိုင်သည့် အရာရှိများကို ရွေးချယ်ခေါ်ယူပြီး မိမိတို့ဒေသရှိ တောအုပ်များကို စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ပြန်လည်သင်တန်းပို့ချ ပေးနိုင်ရန်အတွက် ဆရာဖြစ်သင်တန်း ပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။