ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များအား ထုတ်ပြန်ပြီးကြောင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ တရားဝင် အသိပေးကြေညာသည့် အခမ်းအနား ကျင်းပခြင်း သတင်းထုတ်ပြန်ချက်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များအားထုတ်ပြန်ပြီးကြောင်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ တရားဝင် အသိပေးကြေညာသည့် အခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ ကျင်းပ ပြုလုပ်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်ဒုတိယဝန်ကြီးများ၊ တိုင်းဒေသ ကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီဝင် များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ဌာနအကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ်ရုံး၊ ညွှန်ကြားရေးမှူး Mr. Winfried Wicklein၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် Mr. Iain Watson နှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာရုံးများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြံပေးလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင်- ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်း (Environmental Impact Assessment- EIA Procedure) နှင့် ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ (Environmental Quality (Emission)Guidelines)တို့နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များအားလုံး မဖြစ်မနေ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနအသီးသီးက တာဝန်ရှိသူများကို ဖိတ်ကြားပြီးရှင်းလင်းရခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုကြောင့် ပတ်ဝန်းကျင်ဆိုင်ရာယိုယွင်း ပျက်စီးမှုများကို ရှောင်လွှဲနိုင်ရန်နှင့်လျော့ပါးစေရန် အမေရိကန်နိုင်ငံတွင် ၁၉၆၀ ခုနှစ်ခန့်မှစ၍ အမျိုးသားပတ်ဝန်းကျင်အက်ဥပဒေကိုပြဌာန်းခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုဆန်းစစ်ခြင်းကို စတင်အသုံးပြုခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ကျင်းပခဲ့သည့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာထိပ်သီးညီလာခံတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဖြစ်သည့် EIA စနစ်ကို ဖွံ့ဖြိုးရေးစီမံကိန်းများတွင်အသုံးပြုရန် အတည်ပြုခဲ့သလို ၁၉၉၂ ခုနှစ် ကမ္ဘာမြေထိပ်သီး ညီလာခံ၏ ကြေညာချက်အပိုဒ်(၁၇)တွင်လည်း အဆိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများ အပေါ် ဆုံးဖြတ်ချက် ချမှတ်ရာ၌ EIA စနစ်ကို National Instrument အဖြစ်အသုံးပြုရန် ပြဌာန်းချမှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာပေါ်ရှိ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြကြောင်း၊ EIA ဆိုသည်မှာ လူမှုစီးပွားဖွံ့ဖြိုးရေးအဆိုပြုလုပ်ငန်းစီမံကိန်းကြောင့် အနာဂတ်တွင်ဖြစ်ပေါ် လာနိုင်မည့်အကျိုးဆက်များကို ဖော်ထုတ်သတ်မှတ်ပြီး၊ ဆိုးကျိုးသက်ရောက်မှုများ အနည်းဆုံး ဖြစ်စေရေးအတွက် အစီအမံများ စနစ်တစ်ကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ထိခိုက်မှုလျော့ပါးစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များကို ကြပ်မတ်ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများကို ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်နေ့၌ လည်းကောင်း ပြဌာန်းထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေ၊ နည်းဥပဒေများအရ လိုအပ်လျက်ရှိသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းတစ်ရပ်ပေါ်ပေါက် လာစေရေးအတွက် ကိုယ်စားလှယ် (၅၃)ဦး ပါဝင်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းရေးဆွဲပြုစုရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ မဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဗဟိုဌာန၏ နည်းပညာ ပံ့ပိုးမှု၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ဂျပန်နိုင်ငံနီပွန်ကိုအီကုမ္ပဏီ အပါအဝင် ပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပညာရှင်များ၏နည်းပညာအကူအညီဖြင့် ဌာန ဆိုင်ရာအသီးသီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပညာရှင် များနှင့် ညှိနှိုင်းဆွေးနွေးပွဲ(၆)ကြိမ်၊ လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ရှင်းလင်းဆွေးနွေးပွဲ (၃)ကြိမ်၊ စုစုပေါင်း(၉)ကြိမ် ဆောင်ရွက်ခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ ၂၉-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၁၆/၂၀၁၅ ဖြင့်ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ပတ်ဝန်းကျင် အရည် အသွေး ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးတို့အတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း ထုတ်ပြန် နိုင်ရေးအတွက်ဆောင်ရွက်နေစဉ်မှာပင် ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်း မသတ်မှတ်နိုင် သေးမီ ပထမအဆင့်အနေဖြင့် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်ရန် ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ မဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဗဟိုဌာန၏ ငွေကြေး နှင့် နည်းပညာအကူအညီ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့(European Union(EU)/ International Management Group−IMG)၏နည်းပညာအကူအညီရယူပြီး အာရှဖွံ့ဖြိုးရေး ဘဏ်၊ မဲခေါင်ဒေသခွဲပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဗဟိုဌာနနှင့် တွေ့ဆုံဆွေးနွေးမှု(၅)ကြိမ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးမှု(၂)ကြိမ်၊ လုပ်ငန်းနှင့်ပတ်သက် ဆက်နွယ်သူများအားရှင်းလင်းဆွေးနွေးပွဲ(၂)ကြိမ်စုစုပေါင်း(၉)ကြိမ် ဆောင်ရွက်ခဲ့ပြီး အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များကိုပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၂၉-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၁၅/၂၀၁၅ ဖြင့်ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ဤလုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်ထုတ်ပြန်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာန၊ အဖွဲ့အစည်းအားလုံးကိုကျေးဇူး တင်ရှိ ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအားလုံးနှင့် ယင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ခွင့်ပြုမိန့်၊ မှတ်ပုံတင်၊ လိုင်စင်ထုတ်ပေးနေကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့်နိုင်ငံတော်နှင့် ပြည်သူတစ်ရပ် လုံး၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ဘုံရည်မှန်းချက်အဖြစ်ထားရှိကာ ယခု ထုတ်ပြန် ထားသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်းနှင့် အမျိုးသား ပတ်ဝန်းကျင် ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များနှင့်အညီပူးပေါင်းပါဝင်လိုက်နာ၊ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း ပြောကြား ပါသည်။
အစီအစဉ်အရအာရှဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ရုံး၊ ညွှန်ကြား ရေးမှူးMr. Winfried Wicklein က အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းအကောင်အထည်ဖော်ရန် လိုအပ်သည့် အချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမော်က အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များ နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက ရှင်းလင်းဖြေကြားပါသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး က နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းကြောင်း သတင်း ရရှိပါသည်။