ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား Blue Moon Fund ဒုတိယဥက္ကဌဖြစ်သူDr. Ji-Qiang Zhang ဦးဆောင်၍ Madame. Jin Jiaman တို့ပါဝင်သည့်ကိုယ်စားလှယ်လာရောက် တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၁၉-၁-၂၀၁၆)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား အမေရိကန်နိုင်ငံအခြေစိုက် Blue Moon Fund ၏ ဒုတိယ ဥက္ကဌဖြစ်သူ Dr. Ji-Qiang Zhang ဦးဆောင်၍ တရုတ်နိုင်ငံ Global Environmental Institute (GEI) ၏ Executive Director ဖြစ်သူ Madame. Jin Jiaman တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ၁၉-၁-၂၀၁၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးညွန် တို့ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) တို့ လက်မှတ်ရေးထိုးထားသည့် MoU အရ ရာသီဥတုပြောင်းလဲခြင်း လိုက်လျောညီထွေဖြစ်စေရေး အထောက်အကူပြုပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့ရေး ပစ္စည်းများဖြစ်သည့် Mono Crystalline Silicon Solar Kits နှင့် စွမ်းအားမြှင့် မီးဖိုများ ပစ္စည်းများ ပေးပို့ခြင်းအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။
ဆက်လက်၍ သစ်တောသယံဇာတစီမံအုပ်ချုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။