မိုးယွန်းကြီးအင်းရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေအတွင်း ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားမှု အခြေအနေကို ဒုတိယဝန်ကြီးဦးအေးမြင့်မောင် ကြည့်ရှုစစ်ဆေး ဇန်နဝါရီလ ၁၉ ရက်၊ နေပြည်တော်

ဂေဟစနစ်(Ecosystem) များစွာရှိသည့်အနက် ရေတိမ်ဒေသဂေဟစနစ်(Wetlands Ecosystem)သည် ယင်းဒေသအတွင်း မှီတင်းကျက်စားနေထိုင်သည့် ဇီဝမျိုးစုံမျိုးကွဲများ အတွက်သာမက လူသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ထောက်ပံ့ဖြည့်ဆည်းပေးနေသည့် သဘာဝအရင်းအမြစ်တစ်ခု အဖြစ်အရေးပါဝင်သည်။ ကမ္ဘာ့ ရေတိမ်ဒေသ များစွာရှိသည့်အနက်မှ လူသားများအတွက် စိုက်ပျိုး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် အခြားသော သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲရေးတို့အတွက်သာမက ရေတိမ် ဂေဟစနစ် ပြည့်စုံကောင်းမွန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများအတွက် အထောက်အပံ့ဖြစ်စေမှု၊ ဆောင်းခို ငှက်မျိုးစိတ်များ၊ ဌာနေငှက်များနှင့် ရေနေသတ္တဝါများတို့အတွက် နေရင်းဒေသတစ်ခုအဖြစ် ဖြည့်ဆည်းပံ့ပိုး ပေးနိုင်မှုတို့အပေါ် မူတည်၍ ကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ရေတိမ်ဒေသများကို ထိန်းသိမ်းရန် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်း (Ramsar Convention on Wetlands)အား ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံများပါဝင်လက်မှတ်ရေး ထိုးပြီးဖွဲ့စည်း တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံမှလည်း ရမ်ဆာကွန်ဗင်းရှင်း၏ အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်တွင် ပါဝင်ခဲ့ပြီး ရေတိမ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ အစိုးရဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစဉ်တစ်စိုက် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေတစ်ခုအဖြစ် ၂၀၀၄ ခုနှစ်တွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အသိအမှတ်ပြု သတ် မှတ်ခဲ့ပြီးဖြစ်သည်။ မိုးယွန်းကြီးအင်းသည် ၁၈၇၈ ခုနှစ်တွင် ပဲခူး-စစ်တောင်း တူးမြောင်းအတွက် ရေထောက်ကူနိုင်ရန် လူတို့ပြုလုပ်ခဲ့သည့် ရေကူဆည် သို့မဟုတ် ရေလှောင်တမံတစ်ခု အဖြစ်မှ နှစ်ပေါင်းများစွာကြာမြင့်လာသည့်အခါ သဘာဝရေတိမ်ဂေဟစနစ်အသွင်သို့ ကူးပြောင်းရောက် ရှိလာခဲ့ပြီး ကမ္ဘာ့မြောက်ခြမ်းနှင့် တောင်ခြမ်းဒေသ၊ အာရှအလယ်ပိုင်းဒေသ၊ အာရှနှင့် ဩစတေး လျတိုက်ဒေသတို့မှ ရေပျော်ငှက်မျိုးစိတ်များစွာတို့အတွက် ဆောင်းခိုကာလ ငှက်ပျံသန်းလမ်း ကြောင်းပေါ်ရှိ ခေတ္တခိုလှုံရာ နေရာကောင်းတစ်ခု၊ ကျက်စားနယ်မြေတစ်ခုအဖြစ် အထင်ကရ ဖြစ်လာခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး မြို့နယ်နှင့် ဝေါမြို့နယ်တို့အတွင်း ကျရောက်ပါဝင်နေပြီး၊စုစုပေါင်းဧရိယာ ၂၅၆၀၀ ဧက၊ စတုရန်း မိုင် ၄၀ မိုင် ကျယ်ဝန်းသည့် မိုးယွန်းကြီးအင်းအား တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေအရ တည်ထောင်သတ်မှတ်ထားသည့် သဘာဝနယ်မြေအမျိုးအစားတစ်ခု တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၁၉၈၈ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့် မောင်သည် ၁၆-၁-၂၀၁၆ ရက်တွင် မိုးယွန်းကြီးအင်းရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေသို့ သွားရောက်၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ဌာနေငှက် များနှင့် ဆောင်းခိုငှက်များကျရောက်ကျက်စားမှုအခြေအနေ၊ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်လာရေး တိုးချဲ့ပညာပေးရေးလုပ်ငန်းများဆောင်ရွက်ထား ရှိမှုအခြေအနေနှင့် အင်းအတွင်း ရေပမာဏထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုငှက်မျိုးစိတ်များ သဘာဝအတိုင်းကျရောက်ကျက်စားနေမှု၊ ဌာနငှက်များ ကျက်စားမှု၊ ငှက်များအတွက် ကျက်စားနေရာများအခြေအနေ၊ မြေအသုံးချမှုအခြေအနေများတို့ကို တာဝန်ရှိ သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးအား မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့့်် ကမ္ဘာ့ရေတိမ်ဒေသများနေ့ World Wetlands Day အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် B.O.T စနစ်နှင့် အပန်းဖြေ စခန်းလုပ်ငန်းများ တိုးတက်ဆောင်ရွက်နေမှု အခြေအနေများကို သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်၊ ဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုနှင့် ရွှေပြည်အေးခရီးသွားလုပ်ငန်းကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးသက်တို့က ရှင်းလင်းတင်ပြခဲ့ပါသည်။