ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဒေသ အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အခြေအနေများ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သွားရောက်စစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် ကျိုက်ထီးရိုးဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အခြေအနေများကိုစစ်ဆေးရန် ယနေနံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်မွန်းစခန်းသို့ ရောက်ရှိသည်။

ထို့နောက် ဒုတိယသမ္မတသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကင်မွန်းစခန်းမှတစ်ဆင့် ကျိုက်ထီးရိုးတောင်ခြေအနီး၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ပြည်ပဘုရားဖူးလေ့လာသူများ စိတ်အပန်းဖြေအနားယူနိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျိုက်ထီးရိုးရေတံခွန်စမ်းတွင် လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ရောက်ရှိကာ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အား ဖူးမျှော်ကြည်ညို၍ ပန်း၊ရေချမ်း၊ သစ်သီးဆွမ်း များနှင့် ရွှေသင်္ကန်းတို့ကို ကပ်လှူပူဇော်သည်။

ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်က ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား လည်းကောင်း၊ သက်ဆိုင်ရာဒုတိယဝန်ကြီးများ က ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ပတ်ဝန်းကျင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဥက္ကဌက ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ နှစ်စဉ်လာရောက် ဖူးမျှော်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက မှာကြားရာတွင် ကျိုက်ထီးရိုးဒေသသည် ရှည်လျားသည့် သမိုင်းကြောင်း နောက်ခံရှိပြီး တစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်ဒေသ တစ်ခုဖြစ်ပါကြောင်း၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး၏ တည်နေပုံမှာလည်း သဘာဝ အံ့ဖွယ် (Natural Wonder)ဖြစ်ရာ အမျိုးသားရေးရတနာအဖြစ် ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပဂုဏ်သတင်း ထင်ရှားကျော်ကြားမှုကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ နှစ်အလိုက် ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီးသည်များလာရောက်မှု တိုးတက် များပြားလာလျက်ရှိရာ ၂၀၁၀ ခုနှစ်ကဘုရားဖူး (၉)သိန်းကျော်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် (၂၁)သိန်းကျော် အထိ တိုးတက်များပြားလာသည်ကို တွေ့ရှိ ရပါကြောင်း။

အရှေ့တောင်အာရှ ကုန်သွယ်မှုလမ်းမကြီးဖြစ်သော ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့ကို ဖြတ်သန်းဆက်သွယ်မည့် အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်းကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့် ပတ်ဝန်းကျင်ဒေသသည် ယဉ်ကျေးမှုနှင့် သဘာဝအခြေခံ ခရီးသွား လုပ်ငန်း စီးပွားရေးဇုန်ကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာ ကောင်းများ ရှိနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် အမျှော်အမြင်ရှိရှိ စီမံသွားရန် လိုပါကြောင်း၊ သို့ပါ၍ ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ ခိုင်မြဲစေရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကျိုက်ထီးရိုး ဒေသယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးနှင့် လူမှုဘဝလုံခြုံရေးများ စီမံဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေဘဲ သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကိုလည်း မြှင့်တင်သွားရန် လိုအပ်ပါကြောင်း။

ကျိုက်ထီးရိုးဒေသ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ထိန်းသိမ်းရေး အတွက် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရေးနှင့် အဓိကရေထွက်ဒေသများ ပုံမှန်တည်တံ့ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောပြုစုပျိုးထောင်ရေး ဆိုင်ရာလုပ်ငန်းများကိုစနစ်တကျစီမံ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုး ဒေသတွင် မိုးသည်းထန်မှုကြောင့် တောင်ပြိုမှု၊ မုန်တိုင်းဒဏ်ကြောင့် တောင်တက်လမ်း တစ်လျှောက် သစ်ပင်ကြီးများပြိုလဲပိတ်ဆို့မှု၊ ငလျင်လှုပ်မှုစသည့် သဘာဝဘေးဒဏ်များ ကြုံတွေ့ခံရသည်ဟု မှတ်တမ်းများအရ သိရှိရပါကြောင်း။

ထို့ကြောင့် သဘာဝဘေးကြုံတွေ့နိုင်ခြေများကို သုတေသနပြု ဆန်းစစ်လေ့လာခြင်း၊ ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ ကြိုတင်လုပ်ဆောင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်ပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်ရန် စီမံထားရှိခြင်းစသည့် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ရင်ပြင်တော်နှင့် ရင်ပြင်တော်တစ်ဝိုက်တွင် ဘူမိသဘာ၀မြေသားဖွဲ့စည်းမှုနှင့် ခိုင်မာမှုကို ထိပါးစေမည့် မြေသားလုပ်ငန်းများ လုံးဝလုပ်ဆောင်ခြင်းမပြုရန် ပညာပေးခြင်း၊ ဥပဒေအရ အရေးယူခြင်း များဖြင့် ထိရောက်စွာ တားဆီးသွားရန်လိုအပ်ပါကြောင်း။

ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က နိုင်ငံတော်သမ္မတကြီးမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုစဉ် ရင်ပြင်တော်ပေါ်တွင် နောက်ထပ် ဟိုတယ်၊ တည်းခိုခန်း၊ ဈေးဆိုင်၊ လူနေအိမ်များ တိုးချဲ့ဆောက်လုပ်ခြင်းမပြုလုပ်ရန်၊ သဘာဝဘေးဒဏ်ကြောင့် မြေပြိုမှုများမဖြစ်စေရေးအတွက် အဆောက်အအုံများ၏ ကြံ့ခိုင်မှု များကိုစစ်ဆေးရန်၊ ဘုရားဖူးခရီးသည်များ ရင်ပြင်ပေါ်တွင် အိပ်စက်ရန်မလိုဘဲ အေးချမ်းစွာ ဘုရားဖူးနိုင်အောင် စီစဉ်ပေးရန်၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ရန်၊ ပြည်နယ်အစိုးရနှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်းပြီး အဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် ရင်ပြင်တော်သန့်ရှင်းရေး၊ ရေလုံလောက်စွာ ရရှိရေး၊ ဘုရားဖူးများ စိတ်လက်ချမ်းသာစွာ ညအိပ်တည်းခိုနိုင်ရေးအတွက် ကြားစခန်းများတွင် အဆောက်အုံများ ဆောက်လုပ်ပေးရေး၊ တောင်တက်လမ်း တစ်လျှောက် ယာဉ်အန္တရာယ်ဘေးကင်းလုံခြုံရေး၊ အမှိုက်သရိုက်နှင့် စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲရေး၊ မိလ္လာစနစ် ကောင်းမွန်ရေးတို့ စနစ်တကျ ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်ဝန်းကျင်ဒေသများ ရေရှည်တည်တံ့မှုဖြင့် စနစ်တကျဖွံ့ဖြိုးတိုးတက် ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်း စိုပြည်ရေး တို့အတွက် ကျိုက်ထီးရိုးစေတီတော်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းအား ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရ ဌာနများ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံသက်ကြီးဝါကြီး ရပ်မိရပ်ဖပါဝင်သည့်အဖွဲ့ဖြင့် ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျိုက်ထီးရိုးဒေသရေရှည်တည်တံ့ခိုင်မြဲမှုအတွက် လူထု၏ ထောက်ပြဝေဖန်မှုများကိုလည်း အလေးထားထည့်သွင်း စဉ်းစားသွားရမည်ဖြစ်ကြောင်း၊

ကျိုက်ထီးရိုးစေတီတော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးစီမံချက် ရေးဆွဲရာတွင်လည်း ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သူများ တက်ကြွစွာပူးပေါင်းပါဝင်စေရေး၊ ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းများနှင့် လူမှုစီးပွားအခြေအနေတိုးတက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ လှူဒါန်းရရှိသည့်ငွေများ စနစ်တကျခွဲဝေသုံးစွဲရေး၊ ထိရောက်သည့် ကြီးကြပ်ဆန်းစစ်မှု စနစ်တစ်ရပ်ထူထောင်၍ စောင့်ကြည့်ကြပ်မတ်သွားရေးတို့ကို ထည့်သွင်းစဉ်းစားကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး၍ စေတီတော်အတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး ဖွင့်လှစ်ထားသည့် ဈေးဆိုင်များ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် သမိုင်းဝင်မုဆိုးတောင်စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး စေတီတော်ရင်ပြင်မှ ကျိုက်ထီးရိုးတောင်တော်ပတ်ဝန်းကျင်တွင် တည်ဆောက်ထားသည့် အဆောက်အဦး များအား ကြည့်ရှု့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

http://www.moi.gov.mm/?q=news/25/01/2016/id-9442