မြန်မာနိုင်ငံရှိ ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ၏ နိုင်ငံအဆင့်အနီရောင်စာရင်းရေးဆွဲနိုင်ရေး စွမ်းဆောင်ရည်တည်ဆောက်ရေးအလုပ်ရုံဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၄-၇-၂၀၁၇ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)၊စုဝေးခန်းမ၌ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ IUCN ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ WWF တို့ ပူးပေါင်းဖွင့်လှစ်သည့်   မြန်မာနိုင်ငံရှိ ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း ရေးဆွဲနိုင်ရေး စွမ်းဆောင်ရည်တည်ဆောက်ရေးအလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၄-၇-၂၀၁၇ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း (National Red List of Threatened Species )သည် မျိုးစိတ်များနှင့် ယင်းတို့၏ ဂေဟစနစ်များအတွက် ထိန်းသိမ်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကြောင့် သဘာဝဝန်းကျင်အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လမ်းညွှန်နိုင်မည် ဖြစ်သဖြင့် သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲများအား ထိရောက်အကျိုးရှိစွာ ထိန်းသိမ်း နိုင်ရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအား ကျင်းပရခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ဌာန၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများအား ကိုယ်စားပြုသည့်  သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံအဆင့် အနီရောင်စာရင်း ပြုစုရာတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အလွန်အရေးပါသည့် လူ့အရင်းအမြစ်  များဖြစ်ပါသည်။ အလုပ်ရုံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး သစ်တောဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ နှင့် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသားများ၊ WCS ၊ WWF တို့မှ ကိုယ်စားလှယ်များ၊ IUCN မှ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၅)ရက်ကြာ ပို့ချဖွင့်လှစ်မည် ဖြစ်ပါသည်။