သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း စိုက်ပျိုးပြီးစီးခြင်း အခမ်းအနား”ကို တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈)၌ ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း စိုက်ပျိုးပြီးစီးခြင်း အခမ်းအနား”ကို (၃၁-၈-၂၀၁၇)နေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈)၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ သစ်တောများပြန်လည်ထူထောင်ရေး ကနဦးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းတိတိဖြင့် သစ်တောပျက်စီးသည့် နေရာများအတွင်း တရုတ်-မြန်မာချစ်ကြည် ရေးသစ်တောစိုက်ခင်း(China-Myanmar Friendship Forest Plantation Project) ဧက(၁၀ဝ)တည်ထောင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Southeast Asia Biodiversity Research Institute, Chinese Academy of Science တို့ ၁၁.၇.၂၀၁၇ ရက်နေ့တွင် သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုး၍ မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆၊၂၁၈) အတွင်းသစ်မျိုးစုံ သစ်တောစိုက်ခင်း(၁၀ဝ)ဧက တည်ထောင်ခဲ့ပြီး ယခုစိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍပြုစုထိန်းသိမ်း ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်လိုသည့် ရည်ရွယ်ချက်များနှင့် ယခု သစ်တော စိုက်ခင်းစီမံကိန်းကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပြီး စိုက်ခင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာချစ်ကြည်ရေး (ဇီဝစံပြ)သစ်တောစိုက်ခင်း စီမံကိန်းကို ထောက်ခံအားပေးမှုများ ပေးအပ်ခဲ့သည့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစင်တာ (SEABRI)တို့ကို ကျေးဇူးအထူး တင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ထောက်ခံအားပေးကူညီနိုင်ရန် ဆန္ဒရှိခဲ့ပြီး ယခုစီမံကိန်းဧရိယာသည် ယခင်က မြေရိုင်း တစ်ခုဖြစ်၍ မိုးရာသီရောက်တိုင်း ရေတိုက်စားမှုများစွာ ပြင်းထန်ခဲ့သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အကြံပြုချက်အရ ယခုစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံတွင် ပညာသင်ကြား နေသည့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ကြေးငွေများအား ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ် - မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း တည်ထောင် ခြင်း အထိမ်းအမှတ်ကျောက်စာတိုင် အားဖွင့်လှစ်ပေး၍ သစ်တောစိုက်ခင်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ်  စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း၊ ချစ်ကြည်ရေးသစ်တောစိုက်ခင်းတည်ထောင်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် အကွက်အမှတ်(၂၁၆)ရှိ ချစ်ကြည်ရေးသစ်တော စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးစိုက်ခင်းဧက(၁၀ဝ)ဧကတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်းအပါအဝင် အဖိုးတန်သစ်မျိုးများနှင့် ဒေသသစ်မျိုး စုစုပေါင်း (၅၀)မျိုး၊ အပင်တစ်သိန်းနှစ်သောင်းတစ်ထောင်ကျော်အား စိုက်ပျိုးထားရှိပါသည်။ အခမ်းအနား သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး  Mr. Hong Liang နှင့်သံရုံးမှ အရာရှိ ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မကွေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။