မြန်မာနိုင်ငံ၏ အဏ္ဏဝါထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ(မူကြမ်း) ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

 

မြန်မာနိုင်ငံ၏ အဏ္ဏဝါထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ(မူကြမ်း)ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲကို(၁၆-၁၁-၂၀၁၇ )ရက်နေ့၊ နံနက် (၈:၃၀) နာရီ အချိန်တွင် မန်းမြန်မာဟိုတယ်၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ပါသည်။

              ယခုကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ” ၏ လုပ်ငန်းတာဝန်ဖြစ်သော ကမ်းရိုးတန်းနှင့်  အဏ္ဏဝါရေပြင်ဆိုင်ရာ မူဝါဒရေးဆွဲရန် ကျင်းပခြင်းဖြစ်ပါသည်။              မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ကြီးမား ကျယ်ပြန့်သော အဏ္ဏဝါနယ်မြေသည် ရခိုင်ပြည်နယ်၊  နတ်မြစ်မှတောင်ဘက် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကော့သောင်းအထိ ၂,၈၃၁ ကီလိုမီတာ ရှည်လျားပါသည်။ ကမ်းဦးရေတိမ်ပိုင်းသည် စတုရန်း ကီလိုမီတာ၂၂၅,၀၀၀ ခန့်ရှိပြီး  ပင်လယ်ပြင် စီးပွားရေးပိုင်နက်ဇုန် (Exclusive Economic Zone-EEZ) မှာ စတုရန်း ကီလိုမီတာ ၄၈၆,၀၀၀ ခန့်ရှိပါသည်။

            မြန်မာနိုင်ငံ၏ အဏ္ဏဝါနှင့့် ကမ်းရိုးတန်းဒေသများတွင် ကျရောက်လျက်ရှိသည့် အဓိက ခြိမ်း ခြောက်မှုများမှာ   ထာဝစဉ်မတည်တံ့နိုင်သော ငါးဖမ်းဆီးခြင်း ၊    ပင်လယ်ပြင် ညစ်ညမ်းလာခြင်း၊ ငါးမျိုးစိတ်များ ရှင်သန်ရန် အလွန်အရေးပါသော ဒီရေတော၊  ပင်လယ်မြက်နှင့် သန္တာကျောက်တန်း များအား အခြားအသုံးချမှုများကြောင့် ပျက်စီးလာခြင်းတို့ဖြစ်ပြီး ယနေ့ခေတ် ရာသီဥတုပြောင်း လဲမှုသည် အဏ္ဏဝါနှင့် ကမ်းရိုးတန်းဒေသများတွင်ရှိသော ဂေဟစနစ် နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်စေပြီး   ထုတ်လုပ်မှုကို ကျဆင်းစေခြင်းများ ဖြစ်ပေါ်စေပါသည်။ သာဓက အားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ပုစွန်ကန်များသည် ၂၀၀၁ ခုနှစ်တွင် ဟက်တာ ၃၄,၀၀၀ ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ဟက်တာ ၄၅,၀၀၀ အထိ တိုးတက်ခဲ့သော်လည်း  ထုတ်လုပ်မှု အပိုင်း၌ တစ်နှစ် တစ်ဟက်တာ  ၂၀၀ ကီလိုဂရမ် ထွက်ရာမှ ၂၀ ကီလိုဂရမ် အောက်သာ ထွက်ရှိတော့ပြီး  ပုစွန် သားလောင်းများ မျိုးပွားရန် အထောက်အကူပြုသော ဒီရေတောများ ခုတ်ထွင်ရှင်းလင်းခြင်း များကြောင့် ဖြစ်ပါသည်။

            ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲမှ ပေါ်ပေါက်လာမည့် အဏ္ဏဝါရေပြင် နှင့် ကမ်းရိုးတန်းဒေသဆိုင်ရာ နိုင်ငံအဆင့် မူဝါဒသည်   အဏ္ဏဝါ နှင့် ကမ်းရိုးတန်းဒေသ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့သတ်မှတ်ရန်   နိုင်ငံတကာအသိုင်းအဝိုင်းတွင် ထားရှိသော ကတိကဝတ်များအတွက်  များစွာအထောက်အကူပြုမည်ဖြစ်ပြီး အဓိကအရေးကြီးသည့် အချက်မှာ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ မူဝါဒရေးဆွဲရာတွင် ထိန်းသိမ်းကာကွယ်ရေးကဏ္ဍ တစ်ခုတည်း အတွက် သာမက ထိန်းသိမ်းကာကွယ်ရေး၊ စီမံအုပ်ချုပ်ရေးနှင့် ရေရှည်တည်တံ့စွာ အသုံးချရေးကဏ္ဍ (၃) ခုလုံးကို လွှမ်းခြုံသည့့် မူဝါဒဖြစ်ရန် လိုအပ်မည်ဖြစ်ပါသည်။

            အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်အဖွင့်အမှာစကား ပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊  ကနေဒါနိုင်ငံ၊ ဗစ်တိုးရီးယား တက္ကသိုလ်မှ ပါမောက္ခ Mr. Philip Dearden နှင့် ဖိတ်ကြားထားသူများတက်ရာက်ကြပြီး တက် ရောက်လာသူများမှ မြန်မာနိုင်ငံ၏ အဏ္ဏဝါကာကွယ်ရေပြင်ဆိုင်ရာ ဇုန်အမျိုးအစားများ ခွဲခြားခြင်း၊ မူဘောင်များဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြကြပါသည်။  အလုပ်ရုံ ဆွေးနွေးပွဲကို (၁၇-၁၁-၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။