အကျိုးသက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ဥပဒေနှင့်ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် သစ်တောမြေအတွင်း မှီတင်းနေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့ တိုးတက်စေခြင်းစီမံကိန်းဆိုင်ရာကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲက ကျင်းပ

၉-၁၁-၂၀၁၇ ရက်နေ့ နံနက်၊ (၀၈:၃၀)နာရီအချိန်တွင်  အကျိုးသက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ ဥပဒေနှင့် ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် သစ်တောမြေအတွင်း မှီတင်းနေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့် တိုးတက်စေခြင်း စီမံကိန်း  ဆိုင်ရာကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲကို အမရာဟိုတယ် ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေနှင့် ပြောင်းလဲ လာသည့် နိုင်ငံရေး၊ လူမှုစီးပွားရေး အခြေအနေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိရှိ ထိရောက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို  ပြည်သူများ ထိရောက်စွာ ပါဝင်နိုင်စေရန်အတွက် မူဝါဒနှင့်ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ သည်  လက်ရှိ အနေအထားထက် ပိုမိုအားကောင်းစွာ ဖြစ်ထွန်းတည်ရှိစေရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊

သစ်တောမူဝါဒရဲ့ ပဓာနကျတဲ့အခြေခံအချက်(၆)ချက်အနက် အမှတ်စဉ်(၅)တွင်   ပြည်သူတို့ က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်ဟု ဖော်ပြထားပြီး ၁၉၉၅ ခုနှစ်၊ သစ်တော မူဝါဒတွင်  နိုင်ငံဧရိယာ၏ ၃၀%ကို ကြိုးဝိုင်းတောများ၊ ၁၀% ကို  ဘေးမဲ့တောနှင့် သဘာဝတော နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန်နှင့်   အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း ရည်မှန်းချက်နှင့် United Nations Framework Convention on Climate Change (UNFCCC), Paris Agreement  တို့၏ NDC (Nationally Determined Contribution) ကတိကဝတ်တို့အရ ၂၀၃၀ ခုနှစ်တွင် အဆိုပါရည်မှန်းချက်ကို ပြည့်မီနိုင်စေရန်နှင့် လက်ရှိတွင်အမြဲတမ်းသစ်တော နယ် မြေ ၂၄.၈၉% နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅.၇၉% ကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊

 FAO, Forest Resources Assessments (FRA 2015)အရ နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု သည် နိုင်ငံဧရိယာ၏ ၄၂.၉၂% ရှိပါသဖြင့် သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး(၁၀)နှစ်စီမံကိန်းကိုရေးဆွဲပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှ စတင်ကာအကောင်အထည်ဖော်လျှက်ရှိပါကြောင်း၊

            ၂၀၁၃ ခုနှစ်၊ ကြိုးဝိုင်းကျူးကျော်မှုစာရင်းများအရ ကျူးကျော်နေထိုင်သူ ၁.၃ သန်းကျော်နှင့် ရွာမြေ၊ သာသနာနှင့်အများပိုင်မြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများမှာ ၁.၈ ဧကသန်းကျော်ခန့် ရှိကြောင်းတွေ့ရှိရပါ၍  ကြိုးဝိုင်းတိုးချဲ့ဖွဲ့စည်းသည့်အခါ  ဆိုင်ရာဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်တို့ အား ပြန်လည်ဆန်းစစ်ပေးခြင်း၊ ဒေသခံများ၏ မြေနှင့်သစ်တောသယံဇာတ အသုံးပြုခွင့်များအပေါ် ဥပဒေအရ အသိအမှတ်ပြုမှုရရှိစေရေး ဒေသခံပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်ကို လွယ်ကူစေပြီး သစ်တောမြေများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊

            ယခုကဲ့သို့ ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များသည် သစ်တောမူဝါဒနှင့် ဥပဒေများကို သုံးသပ်ဆောင်ရွက်ချိန်တွင် ထည့်သွင်းအသုံးပြု သွားနိုင်မှာဖြစ်ပြီး ယနေ့ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များ၏ အမြင်များဖြင့် သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့်် လုပ်ငန်းစဉ်ကို ဖော်ထုတ်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန် တိုက်တွန်းပြော ကြားပါသည်။

  စကားဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ ဦးစားပေးခေါင်းစဉ်(၅)ခုကို ရွေးချယ် ပြီး အဖွဲ့ငယ်အလိုက် ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးခြင်း၊ ဆွေးနွေးသုံးသပ်ချက်များအပေါ် အခြေခံ၍ နောက်တစ်ဆင့်လုပ်ငန်းစဉ်များဖော်ထုတ်ခြင်း၊ ဆွေးနွေးမှုအနှစ်ချုပ်အား ပြန်လည် သုံးသပ်တင်ပြခြင်းများဆောင်ရွက်ကြပါသည်။

  စကားဝိုင်းဆွေးနွေးပွဲ သို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြေတိုင်းဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊  သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။