ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၀)ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

          ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၀)ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၈-၈-၂၀၁၈)ရက်နေ့၊ နံနက်(၀၈:၄၅) နာရီ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

            ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ သစ်တော သယံဇာတများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသကဲ့သို့ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေးအတွက် အထူးအရေးပါလှပါကြောင်း၊ စုစုပေါင်း လူဦးရေ၏(၇၀)% ကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး နေ့စဉ် လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေရပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုပေါင်း (၁၁) သန်းခန့်ရှိသည့်အနက် (၈၁)%ခန့်သည် လောင်စာအတွက် ထင်းနှင့် မီးသွေးကို အသုံးပြုနေပြီး နေအိမ်အတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများအားမှီခိုနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိမျိုးဆက်၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်သာမက နောင် အနာဂတ်မျိုးဆက်များအတွက် သစ်တောသယံဇာတလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့် ဆည်းနိုင်ရန် မြန်မာ့သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်သွားရန် လိုအပ်ပါကြောင်း၊

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူဖြစ်စေရန် သဘာဝပတ် ဝန်းကျင်တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံ စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် အနှစ်(၃၀) မြန်မာ့သစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ဧက (၂.၂၇) သန်းအထိ တည်ထောင်ရန် ရည်မှန်းချက်ကြီးကြီးထားပြီး လျာထားသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအကောင်အထည် ဖော်နိုင်မှုအခြေအနေကိုလေ့လာကြည့်ပါက လက်ရှိအချိန်၌ အဖွဲ့ဝင်(၁၀၃၉၀၇)ဦး ပါဝင်သည့် အဖွဲ့ပေါင်း (၃၈၈၄)အဖွဲ့ကို ​​ဆောင်ရွက်ခွင့်လက်မှတ်များ ထုတ်​​ပေးနိုင်ခဲ့ပါကြောင်း၊ ဧရိယာအားဖြင့် (၅၂၂၃၇၂)ဧက တည်ထောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပင်မံစီမံကိန်းပါ ရည်မှန်းချက်၏ (၂၃)% နှုန်းသာ အကောင်အထည်ဖော်ပြီးစီးသည်ကို တွေ့ရှိပါကြောင်း၊

 

            ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၀) မူကြမ်းကိုရေးဆွဲပြီးဖြစ်ပါကြောင်း၊ယခုအလုပ်ရုံဆွေးနွေးပွဲတွင်ရည်ရွယ်ချက်(၃)ချက်ရှိပါကြောင်း၊ ပထမအချက်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက်နှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များဖော်ထုတ်ရာ၌ အကျိုးဆက်စပ်သူများအားလုံး ပူးပေါင်းပါ ဝင်လာစေရန်၊ ဒုတိယအချက်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ပိုမို ထိရောက်သည့် အစီအစဉ်များချမှတ်နိုင်ရန်နှင့် နောက်ဆုံးအချက်မှာ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းကို အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲအစည်း များ၊ ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်များအားလုံး ပိုမိုပူးပေါင်းဆောင်ရွက်ပြီး အရှိန်အဟုန်မြှင့် ၍ ဆောင်ရွက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် ပညာရှင် များအနေဖြင့် လွတ်လပ်တက်ကြွစွာ ဆွေးနွေးအကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြား ပါသည်။ 

            အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်(သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)၊ သစ်တောဦးစီးဌာနမှ အရာရှိကြီး များ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ CF Unit အဖွဲ့ဥက္ကဌများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။