Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

   Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၈-၂၀၁၈) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

          အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို သစ်တောဦးစီးဌာနနှင့် ကိုးရီးယား သစ်တောဌာန(Korea Forest Services-KFS)တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် REDD+ စီမံကိန်း၏ ကူညီထောက်ပံ့မှုနှင့် ဖွင့်လှစ်ခြင်း ဖြစ်ပါ ကြောင်း၊ သစ်တောဦးစီးဌာနနှင့် သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုလုပ်ငန်း များကို အထောက်အကူဖြစ်စေမည့် Drone ရိုက်ကူးခြင်းနှင့် RS / GIS အဆင့်မြင့်နည်း ပညာများကို လူငယ်မျိုးဆက်သစ်ဝန်ထမ်းများ၊ ကျွမ်းကျင်စွာ အသုံးပြုလာနိုင်စေရန်နှင့် အရည်အသွေးပြည့်မီသည့် မြေပုံများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီ:များတွင် ကိုယ်တိုင် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း၊

          KFS REDD+ စီမံကိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် REDD+ Readiness လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ၏ ရှေ့ပြေးအဖြစ် အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း၊ သစ်တော ကာဗွန်တိုင်းတာခြင်း၊ ဒေသန္တရအဆင့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချမှု အစီအမံများရေးဆွဲခြင်း၊ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေး၊ သစ်တောဧရိယာ တိုးပွား လာစေရေးအတွက် သရုပ်ပြသစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်တောပြုန်းတီးမှု အကြောင်းအရင်းများ၊ လေ့လာဖော်ထုတ်ခြင်း အစရှိသည့် REDD+ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊

           RS / GIS နည်းပညာများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ၄င်းနည်းပညာများကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာပြီး တိကျသည့် ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံအဆင့် သစ်တောဖုံးလွှမ်းမှုပမာဏ၊ သစ်တောအမျိုးအစားအလိုက်၊ နေရာဒေသအလိုက် သစ်တောပြုန်းတီးမှု ကာဗွန်ထုတ်    လွှတ်မှု၊ မြေအသုံးချမှု ပြောင်းလဲလာခြင်း စသည့် အဆင့်မြင့် မြေပုံများကို အရည်အသွေး မီထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ခေတ်မှီပစ္စည်းကိရိယာများ၊ Software/ Hardware များပြည့်စုံမှု၊ စွမ်းဆောင်ရည့်ပြည့်ဝသည့် ဝန်ထမ်းကောင်းများ၊ ကျွမ်းကျင်သူများ လုံ လောက်မှုအပေါ်မူတည်ပြီး နိုင်ငံအဆင့် သစ်တောစောင့်ကြည့်လေ့လာခြင်းစနစ်ကို တည်ထောင်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ အရေးကြီးသည့် နေရာဒေသများတွင်၊ အချိန်နှင့် တစ်ပြေးညီနီးပါး သစ်တောများကို စောင့်ကြည့်စစ်ဆေးနိုင်သည့် စနစ်နှင့် ကိန်းဂဏန်းသတင်းအချက်အလက် Near Real Time Data and Information ရရှိရေး အထိ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းများသည် တရားဝင်သစ် ဖြစ်ရေးဆောင်ရွက်ချက်များကို အထောက်အကူပြုနိုင်ပြီး တရားမဝင်သစ်ခိုးမှု၊ ရောင်းဝယ် မှုများကိုလည်း တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊

          ဤနည်းပညာရပ်များသည် သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုအတွက် အလွန်အထောက်အကူပြုသည့်အပြင် REDD+ အတွက် သစ်တောများ ကြီးကြပ်စောင့် ကြည့်စနစ်အတွက်လည်း အလွန်အသုံးဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး သည် အရေးကြီးသဖြင့် ယခုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများသည် မိမိတို့၏ အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို အစွမ်းကုန် အသုံးပြုပြီး ကြိုးပမ်း လေ့လာကြရန်နှင့် မိမိတို့၏ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များတွင် ပြန်လည် အသုံးချနိုင် သည်အထိ တတ်မြောက်​အောင် ကြိုးစားသင်ယူကြပါဟု တိုက်တွန်းပြောကြားပါသည်။

          အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား များ၊ သုတေသီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။