ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေကြမ်း ရေးဆွဲရေး အကြံပြုဆွေးနွေးပွဲများ ပြုလုပ်ခြင်း

၁။        မြန်မာနိုင်ငံသည် အာရှနှင့်ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများ တွင် ပါဝင်သည်။

၂။         ဇီဝမျိုးစုံမျိုးကွဲများနှင့် ယင်းတို့မှီခိုသော ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကနည်းလမ်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။

၃။        သတ်မှတ်ဖွဲ့စည်းထားသောသာဝထိန်းသိမ်းရေးနယ်မြေများကို စီမံအုပ်ချုပ်ရန် နှင့် နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြဋ္ဌာန်း ထားပါသည်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ပထမဦးဆုံး ဥပဒေမှာ ၁၈၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆင်ကာကွယ်ထိန်းသိမ်းရေးဥပဒေ ဖြစ်ပြီး ၁၈၈၃ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) ဖြင့်အစားထိုးခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး နည်းဥပဒေကို ရေးဆွဲခဲ့ပါသည်။

၄။        ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ “ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှာက်ခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) ကို အစားထိုးခဲ့ပါသည်။

၅။        ဥပဒေအကောင်အထည်ဖော်ရန်အတွက် “ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှာက်ခြင်းဆိုင်ရာ နည်းဥပဒေ” ကို ဆက်လက် ရေးဆွဲလျက် ရှိပါသည်။

၆။        နည်းဥပဒေရေးဆွဲခြင်းအား တိုင်းဒေသကြီး/ပြည်နယ်အဆင့် အကြံပြုဆွေးနွေးပွဲ များ၊  အလုပ်ရုံဆွေးနွေးပွဲများ နှင့် စကားဝိုင်းများပြုလုပ်၍ ရေးဆွဲသွားမည် ဖြစ်ပါသည်။ အကြံပြုဖြည့်စွက်ချက်များကို ဆက်စပ်ဌာနအဖွဲ့အစည်းများထံမှ စာဖြင့်လည်းကောင်း၊ အများပြည်သူထံမှ  လူမူကွန်ယက်မှလည်းကောင်း တောင်းခံထားပါသည်။

၇။        ပထမအကြိမ် အကြံပြုဆွေးနွေးကို ၁၄-၈-၂၀၁၈ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပြုလုပ်ခဲ့ရာ ဒေသခံ (၂၇) ဦး၊ လူမူအဖွဲ့အစည်း ကိုယ်စား လှယ် (၃၉) ဦး၊ တိုင်းဒေသကြီးအစိုးရဌာနများမှ ကိုယ်စားလှယ် (၅၉) ဦး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်များမှ ကိုယ်စားလှယ် (၄၇) ဦး၊ စုစုပေါင်း (၁၇၂) ဦး တက် ရောက်ခဲ့ပါသည်။

၈။        တိုင်းဒေသကြီး/ပြည်နယ်အဆင့် အကြံပြုဆွေးနွေးပွဲများကို သြဂုတ်လ (၂၁) ရက်နေ့ တွင် ရန်ကုန်မြို့၌လည်းကောင်း၊ သြဂုတ်လ (၂၈) ရက်နေ့တွင် မန္တလေးမြို့၌လည်းကောင်း၊ သြဂုတ်လ (၃၁) ရက်နေ့တွင် မြစ်ကြီးနားမြို့၌လည်းကောင်း ဆက်လက် ကျင်းပမည် ဖြစ်ပါသည်။

၉။        တိုင်းဒေသကြီး/ပြည်နယ်အဆင့် အကြံပြုဆွေးနွေးပွဲများမှ ရရှိသည့် အကြံပြုဖြည့် စွက်ချက်များကို အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ဆွေးနွေး၍ နည်းဥပဒေ ကြမ်းကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ပါသည်။