ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း) ရေးဆွဲရေး အကြံပြုဆွေးနွေးပွဲများ ကျင်းပခြင်း

       မြန်မာနိုင်ငံသည် အာရှ နှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများ တွင် ပါဝင်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများ နှင့် ယင်းတို့ မှီခိုသော ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကနည်းလမ်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။  သတ်မှတ်ဖွဲ့စည်းထားသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို စီမံအုပ်ချုပ်ရန် နှင့် နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေ ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံ တွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး နှင့်ပတ်သက်သည့် ပထမဦးဆုံး ဥပဒေမှာ ၁၈၇၉ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သည့် ဆင်ကာကွယ်ထိန်းသိမ်းရေးဥပဒေ ဖြစ်ပြီး၊ ၁၈၈၃ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါ သည်။ ၁၉၃၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ ပြီး၊ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေး ဥပဒေ (၁၉၉၄) ဖြင့် အစားထိုးခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်နှင့်သဘာဝ အပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး နည်းဥပဒေကို ရေးဆွဲခဲ့ပါသည်။၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၂) ဖြင့် “ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး၊ တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) ကို အစားထိုးခဲ့ပါသည်။  ဥပဒေအကောင်အထည်ဖော်ရန်အတွက် “ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ” ကို ဆက်လက် ရေးဆွဲလျက် ရှိပါ သည်။  နည်းဥပဒေရေးဆွဲခြင်းအား တိုင်းဒေသကြီး/ပြည်နယ်အဆင့် အကြံပြုဆွေးနွေးပွဲ များ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် စကားဝိုင်းများ ပြုလုပ်၍ ရေးဆွဲသွားမည် ဖြစ်ပါသည်။ အကြံပြု ဖြည့်စွက်ချက်များကို ဆက်စပ်ဌာန အဖွဲ့အစည်းများထံမှ စာဖြင့်လည်းကောင်း၊ အများပြည်သူ ထံမှ လူမှုကွန်ယက်မှလည်းကောင်း တောင်းခံထားပါသည်။ပထမအကြိမ် အကြံပြုဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယအကြိမ် အကြံပြုဆွေးနွေးပွဲကို ၂၁-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် (၁၈) ဦး၊ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် (၉) ဦး၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၆၅) ဦး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (INGO၊ NGO) မှ ကိုယ်စားလှယ် (၇၁) ဦး၊ စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အကြံပြုဆွေးနွေးပွဲများမှ ရရှိသည့် အကြံပြု ဖြည့် စွက်ချက်များကို အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ဆွေးနွေး၍ နည်းဥပဒေ (မူကြမ်း) ကို ဆက်လက်ရေးဆွဲသွားမည် ဖြစ်ပါသည်။

 

 

 

date: 
Wednesday, August 29, 2018 - 09:15