ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC)သို့ လာရောက် ကြည့်ရှု စစ်ဆေး

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။ ၂၉-၉-၂၀၁၈ ရက်နေ့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC)သို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ထို့သို့လာရောက်စဉ် AFoCO RETC သင်တန်းကျောင်း ဒုတိယညွှန်ကြားရေးမှူး၊ ဦးစိုးမြင့်ဦးက Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ 

date: 
Wednesday, October 3, 2018 - 14:45