ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း၌ တောရိုင်းတိရစ္ဆာန်များကိုတရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများကိုကူးသန်းရောင်းဝယ်ခြင်း ကျူးလွန်ဆောင်ရွက်မှုများအား ဥပဒေအရထိရောက်စွာ အရေးယူတားဆီးနှိမ်နှင်းရေးလုပ်ငန်းများအား ဆက်စပ်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းလက်တွဲဆောင် ရွက်လျက်ရှိပါသည်။
အဆိုပါ အရေးယူတားဆီးနှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများအားသစ်တောဦးစီးဌာန၌ မှတ်တမ်းတင် သိမ်းဆည်းထားခဲ့ပါသည်။ ထိုကဲ့သို့ ဖမ်းဆီးရမိပစ္စည်းများအနက် အချို့ပစ္စည်းများကိုအခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခြင်းအားအောက်တိုဘာလ ၄ ရက်၊ ကြာသပတေးနေ့၊ နံနက် ဝ၈၃၀ နာရီမှ ၁၀ဝ၀ နာရီအချိန်ထိ နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မော်တော်ယာဉ်ရပ်နားကွင်း နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများတွင် ဆင်စွယ်(၂၇၇)ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန်အရိုးမျိုးစုံ(၂၂၇)ချောင်း၊ တိရစ္ဆာန်သားရေမျိုးစုံ(၄၅)ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ(၁၅၄၄)ချောင်း၊ သင်းခွေချပ်အကြေးခွံ(၄၅.၅)ကီလိုဂရမ်နှင့် အခြားတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ(၁၂၈)ခု၊ စုစုပေါင်း အလေးချိန် (၈၄၉.၂၆)ကီလိုဂရမ်အား မီးရှှိုု့ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ ကာလတန်ဘိုးခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ (၁.၃)သန်းခန့် ရှိပါသည်။
တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးခြင်းအား အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်-
(၁) တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင်ကူးသန်း ရောင်းဝယ်နေမှုများအား ဥပဒေအရ ထိရောက်စွာ တားဆီးနှိမ်နှင်းရေးလုပ်ငန်းစဉ်ကို ပြည်သူလူထုပိုမိုသိရှိလာစေရန်၊
(၂) တောဆင်ရိုင်းများသတ်ဖြတ်ခံနေရခြင်း၊ ဆင်အပါအဝင် ဆင်စွယ်၊ ဆင်အစိတ်အပိ်ုင်းများနှင့် တောရိုင်းတိရစ္ဆာန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများကိုတရားမဝင်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်များပိတ်သိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်း တို့အတွက် အသိပေးကြေညာနိုင်ရန်၊
(၃) မြန်မာနိုင်ငံ၏ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုကို နိုင်ငံတကာမှ သိရှိလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာစေရန်။
မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား၌သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအားရေရှည်တည်တံ့စေရေး ထိန်းသိ်မ်း ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကိုလည်း ၂၁-၅-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ နှစ်စဉ်တိုးတက်များပြားလုပ်ဆောင်လာတဲ့ ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်တွေ အမဲလိုက်သတ်ဖြတ်ခံနေရတာ၊ တောရိုင်းတိရစ္ဆာန်နှင့် ယင်းတို့ရဲ့ အစိတ်အပိုင်းတွေကို တရားမဝင် ကူးသန်းရောင်းဝယ်နေတာတွေကို ဥပဒေအရထိရောက်စွာတားဆီးနှိမ်နှင်းရေးတွေ၊ ကာကွယ်ရေး အစီအမံတွေကိုဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ အတူပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ပြည်သူလူထုကပါဝင်ကူညီဝိုင်းဝန်းတားဆီးပေးတာ၊ သတင်းပေးတာတွေလုပ်မှသာအောင်မြင်မှာဖြစ်ပါတယ်။” ဟုပြောကြားသွားပါတယ်။ “ နိုင်ငံတော်ရဲ့ သဘာဝအမွေအနှစ်တွေဖြစ်တဲ့ ရေ၊ မြေ၊ တော၊ တောင်တွေနဲ့ သားငှက်တိရစ္ဆာန်တွေကို နောင်အနာဂတ် သားစဉ်မြေးဆက်အထိ ဆက်လက်မြင်တွေ့နိုင်ဖို့ ရေရှည်တည်တံ့စေရေးထိန်းသိမ်းကာကွယ်မှုဟာ အရေးကြီးပါတယ်။ ဒါကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွေ သတ်မှတ်ဖွဲ့စည်းပြီး ဇီဝမျိုးစုံမျိုးကွဲ တွေကိုကာကွယ်ထိန်းသိမ်းလျက်ရှိပါ တယ်။ သဘာဝထိန်းသိမ်းရေးနယ်မြေစုစုပေါင်း ၄၂ ခု၊ နိုင်ငံတော်ဧရိယာရဲ့ ၅.၇၉% အထိတိုးတက်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်းနယ်မြေ ၁၉ ခုကို သဘာဝထိန်းသိမ်းရေး နယ်မြေတွေအဖြစ် နောင်တိုင်းပြည်ရဲ့ သယံဇာတနဲ့ သဘာဝအမွေအနှစ်တွေအဖြစ်ကျန်ရှိအောင် သတ်မှတ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားကြောင်းအမိန့်ထုတ်ပြန်ကြေညာထားပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ထည့်သွင်းပြောကြားသွားပါတယ်။
မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးအေးနိုင်၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ ဗြိတိန်နိုင်ငံသံရုံးစီးပွားရေးဆိုင်ရာသံအရာရှိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကိုယ်စားလှယ်၊ ထိုင်းနိ်ုင်ငံသံရုံး ဒုတိယအတွင်းဝန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်အစိုးရဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ UNDP, FAO, IUCN, WWF, WCS, SCBI နှင့် INGOs, NGOs များမှ ဌာနေကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များစုစုပေါင်းအင်အား ၂၈၀ ဦးတက်ရောက်ခဲ့သည်။ 
အဆိုပါ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မျိုးဆက်ပျက်သုဉ်းလုဆဲတောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံဆိုင်ရာစီမံအုပ်ချုပ်မှုအခွင့်ရပုဂ္ဂိုလ်(Myanmar CITES Management Authority)ဖြစ်သူ ဒေါက်တာညီညီကျော်က မီးရှို့ဖျက်ဆီးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားရာတွင် “ မြန်မာ့ဆင်တွေ၊ ကျားတွေ၊ ဝက်ဝံတွေနဲ့ သင်းခွေချပ်တွေအပါအဝင် ရှားပါးတောရိုင်းတိရစ္ဆာန်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေဖြစ်ပါတယ်။ နောင်အနာဂတ်သားစဉ်မြေးဆက်တွေ ဆက်လက်မြင်တွေ့နိုင်ဖို့၊ ရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့ကိုသစ်တောဦးစီးဌာနနဲ့ ဆက်စပ်ဌာနများ၊ပြည်တွင်းပြည်ပအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးလက်တွဲဆောင်ရွက်နေပါတယ်။” ဟုပြောကြားပါသည်။
ဆက်လက်ပြီးဒေါက်တာညီညီကျော်မှ ပြောကြားရာတွင် “ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိ်ုင်ရာဥပဒေပုဒ်မ ၁၉ အရ မြန်မာနိုင်ငံအတွင်း မျိုးဆက်ပျက်သုဉ်း မည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့်တောရိုင်းတိရစ္ဆာန်များအဖြစ် လုံးဝကာကွယ်ရမည့်တောရိုင်းတိရစ္ဆာန်များ၊ သာမန်ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များနှင့် ရာသီအလိုက်ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များဟူ၍ သတ်မှတ်ကြေညာထားပါတယ်။ အဆိုပါ တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်၍ ပြစ်မှှုုတစ်စုံတစ်ရာ ကျူးလွန်မှုများအတွက်လည်းဥပဒေအရ ပြစ်ဒဏ်များသတ်မှတ်ထားရှိပါတယ်။ဆင်၊ ကျား၊ ကျားသစ်၊  ပြောင်၊ ဝက်ဝံ၊ ရွှေသမင်၊ သင်းခွေချပ် စသည့်တိရစ္ဆာန်များကိုလုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင် ထည့်သွင်းကာကွယ်ထားပါတယ်။” 
မြန်မာနိုင်ငံအတွင်းတောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှုများကို တားဆီးနှိမ်နှင်းရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာထုတ်ပြန် ဖွဲ့စည်းထားသည့် နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များတရားမဝင်ရောင်းဝယ်နေမှုများအား ဥပဒေအရ ထိရောက်စွာအရေးယူတားဆီးရေးလုပ်ငန်းအဖွဲ့ (Nationlal Wildlife Law Enforcement Task Force) နှင့်ပတ်သက်၍လည်းဒေါက်တာညီညီကျော်မှ “ နိုင်ငံအဆင့် တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင်ရောင်းဝယ်နေမှုများအား ဥပဒေအရထိရောက်စွာအရေးယူတားဆီးရေးလုပ်ငန်းအဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ဖွဲ့စည်းပေးထားတာရှိပါတယ်။ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ကဥက္ကဋ္ဌအဖြစ်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားပြီး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကိုစီမံချက်များ၊ စီမံကိန်းများရေးဆွဲပြီးဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အဓိက ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကိုဦးစားပေးပြီးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါတယ်။”
ဆက်လက်ပြီးဆင်သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ ၎င်း၏ပြောကြားချက်တွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများသည် ၂၀၁၀ ခုနှစ်မှာ (၁) ကောင်သာရှိရာမှ ၂၀၁၃ ခုနှစ်မှာ (၁၄)ကောင် ဖြစ်လာကြောင်း၊ ၂၀၁၇ ခုနှစ်မှာ(၅၉)ကောင်အထိသတ်ဖြတ်ခံရကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ (၁၅)ကောင် အသတ်ခံခဲ့ရပြီး ပြန်လည်လျော့နည်းကျဆင်းလာခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စာရင်းများအရ တောဆင်ရိုင်းကောင်ရေ (၁၀၈)ကောင် သတ်ဖြတ်ခံရကြောင်း၊ ဆင်စွယ်တင်မကဆင်သားရေ၊ ဆင်နှာမောင်းနှင့်  ဆင်အသားများကိုရယူလိုမှုအတွက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ ဆင်ခိုးသတ်ဂိုဏ်းတွေအဖြစ် အုပ်စုဖွဲ့ လုပ်ဆောင်လာကြသည်ကိုတွေ့ရှိရကြောင်း၊ အများဆုံးကျူးလွန်နေသည့်ဒေသများမှာရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ကြောင်း၊ ယခု ၂၀၁၈ ခုနှစ်ထဲမှာတော့ ဆင်သတ်ဂိုဏ်းများကရခိုင်ပြည်နယ်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဖက်သို့ ရွှေ့ပြီးသတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ဆင်သတ်ဂိုဏ်းများကို စစ်ကြောင်းအသွင် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးခဲ့၍ တရားခံများနှင့်လက်နက်များကို ဖမ်းဆီးရမိအရေးယူနိုင် ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ ဘဏ္ဍာနှစ် (၆)လတာကာလအတွင်း တောရိ်ုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ဖမ်းဆီးမှုများအဖြစ် အမှုပေါင်း(၁၄၀)မှုနှင့် တရားခံ(၂၈၄)ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း၊ WWF, WCS တို့နဲ့ ပူးပေါင်းပြီးနယ်စပ်ဂိတ်တွေမှာ တားဆီးနှိမ်နှင်းရေးသင်တန်းတွေ ပြုလုပ်ပေးခြင်း၊ မိုမိုတို့ရဲ့ ရင်တွင်းစကားသံကဲ့သို့ ဆင်ထိန်းသိမ်းရေးဆိုင်ရာလူထုပညာပေးလှုပ်ရှားမှု အစီအစဉ်များပြုလုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှာ အသိပေးကြေညာချက်များထုတ်လွှင့်ပြသခြင်းနှင့် လေဆိပ်လုံခြုံရေး ဝန်ထမ်းများကို သင်တန်းများပို့ချသင်ကြားပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ ရွှေတိဂုံဘုရား စောင်းတန်းဈေးဆိုင်များမှာ ဆင်စွယ်အစိတ်အပိုင်းများရောင်းဝယ်မှုများမပြုလုပ်ဖို့ ပညာပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းတားဆီးနှိမ်နှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအားထည့်သွင်းရှင်းလင်းခဲ့ပါသည်။
မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား၌ ဖမ်းဆီးရမိသည့် ဆင်စွယ်များအပေါ်ရှိလက်ဗွေရာများအား (၂၈)ရက် အတွင်းစစ်ဆေးနိုင်ရန် အထူးပြုလုပ်ထားသော စစ်ဆေးရေးကိရိယာတစ်စုံအား သစ်တောဦးစီးဌာနမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ စစ်ဆေးရေးကိရိယာသည် (UK Fingerprinting Kits)ဖြစ်ပြီး၊ လန်ဒန်မြို့ရှိ The International Fund for Animal Welfare(IFAW) အဖွဲ့မှ တီထွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကိရိယာအသစ်အား ၁၁-၉-၂၀၁၈ ရက်တွင် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာရဝန်ကြီး၊ ဒုတိယဝန်ကြီး၊ Mark Field က သွားရောက် ကြည့်ရှု့ခဲ့ကြောင်းနှင့် အဆိုပါကိရိယာများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် လန်ဒန်မြို့၌ ကျင်းပမည့် Illegal Wildlife Trade Conference တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ဗြီတိန်နိုင်ငံခြားရေးရုံးနှင့် IFAW တို့ပူးပေါင်း၍ ကိရိယာကိုင်တွယ်အသုံးပြုပုံအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဗြီတိန်နိုင်ငံသံရုံးမှ ပေးပို့လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာညီညီကျော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် လန်ဒန်မြို့၌ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆိုင်ရာကွန်ဖရင့်( Illegal Wildlife Trade Conference-IWT)သို့ တက်ရောက်သွားရန်ရှိပြီး မြန်မာနိုင်ငံအတွင်းဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှုတားဆီးနှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် အနာဂတ်လုပ်ငန်းစဉ်များတို့ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
 
 
date: 
Thursday, October 4, 2018 - 15:45