၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ္

၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ 2019 World Wetlands Day အထိမ်းအမှတ် အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နံနက် (၈:၃၀) နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာရှိ ဟူပင်ဟိုတယ်တွင် ပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီး အကဲများ၊ Ramsar Convention အတွင်း ရေးမှူးရုံး နှင့် Norwegian Environment Agency တို့မှ ကိုယ်စားလှယ်များ၊ ပြည်ပ ပညာရှင်များ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ NGO၊ CBO နှင့် INGO တို့မှ ကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသူ/ကျောင်းသားများ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ Ramsar Convention အတွင်းရေးမှူးရုံး နှင့် Norwegian Environment Agency တို့မှ ကိုယ် စားလှယ်တို့မှ အမှာစကားများပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီး နှင့် ဝန်ကြီးချုပ်တို့မှ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (2019 World Wetlands Day) အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသူ/သားများအား ဆုချီးမြှင့်ကြသည်။ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များသည် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ဆောင်ရွက်နေသည့် ထိန်းသိမ်းရေးလုပ်ငန်းများ ပြကွက်ကို လှည့်လည်ကြည့်ရှုကြ ပါသည်။ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အီရန်နိုင်ငံ၊ ရမ်ဆာမြို့တွင် ကျင်းပခဲ့သည့် ရေဝပ် ဒေသများဆိုင်ရာ နိုင်ငံတကာအစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံများ၏ ကိုယ်စားလှယ်များ သဘော တူညီမှုဖြင့် ရမ်ဆာကွန်ဗင်းရှင်းကို ဖွဲ့စည်းခဲ့ပြီး၊ ကမ္ဘာပေါ်ရှိ အရေးပါသော ရေဝပ်ဒေသများကို ပူးပေါင်းထိန်းသိမ်းကာကွယ်နိုင်ရန် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) များကို သတ်မှတ်လျက် ရှိသည်။ ကွန်ဗင်းရှင်း စတင် ဖွဲ့စည်းခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့ကို ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှ စတင်ကာ ကမ္ဘာ့တစ်ဝှမ်းရှိ ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများတွင် အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ကျင်းပလျက် ရှိသည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်မှာ “Wetlands and Climate Change” ဖြစ်ပြီး ရေဝပ်ဒေသများ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ခြင်း နှင့် လျော့နည်းသက်သာခြင်းတို့အတွက် အရေးပါမှုကို ထင်ဟပ်စေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ရမ်ဆာ ရေ ဝပ်ဒေသများ သတ်မှတ်ခြင်း၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ် ကျင်းပခြင်းကို ဆောင်ရွက်လျက် ရှိသည်။ အင်းလေးကန်ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပဉ္စမ မြောက် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းခံရခြင်းကို ဂုဏ်ပြုခြင်းအဖြစ် ၂၀၁၉ ခုနှစ် ကမ္ဘာ့ ရေဝပ်ဒေသများနေ့ (World Wetlands Day) ကို အင်းလေးဒေသတွင် ကျင်းပခြင်း ဖြစ်သည်။

date: 
Thursday, February 7, 2019 - 16:15