မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာ၊ အထူး(၃)လသင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၁၁-၂-၂၀၁၉ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပသည့် မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ ၂၀၁၈  ၂၀၁၉ ခုနှစ်၊ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲ အခမ်းအနားကိုလည်း တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းသည် သစ်တောသမိုင်း တွင် အစဉ်အလာကြီးမားသည့်ကျောင်းကြီး ဖြစ်ပါကြောင်း၊ ၁၈၉၈ခုနှစ် ကတည်းကစတင်၍ သာယာဝတီမြို့တွင် “မြမ္မာပြည်သစ်တောကျောင်း” အမည်နှင့် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သာယာ၀တီမှ ပျဉ်းမနား၊ အင်းစိန်နှင့် ပြင်ဦးလွင်မြို့ အသီးသီးသို့ ခေတ်အဆက်ဆက်၊ အခြေအနေအမျိုးမျိုးတို့ကို ဖြတ်ကျော်ပြီး အခြေခံသစ်တော ပညာရပ်များကို ပို့ချသင်ကြားရင်း သစ်တောဝန်ထမ်းများကို မွေးထုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ၁၉၅၃ ခုနှစ်၌ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး “မြန်မာနိုင်ငံသစ်တောကျောင်း”ဟု ခေါ်တွင်ဖွင့်လှစ်ခဲ့ သည်မှာ (၆၅)နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်း၏ သက်တမ်းသည်လည်း စတင်ဖွင့်လှစ်သည်မှ ယနေ့အထိ နှစ်ပေါင်း(၁၂၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်းတွင် အခြေအနေ၊ အချိန်အခါနှင့် လိုအပ်ချက်များအရ (၂)နှစ် သင်တန်း၊ တစ်နှစ်ခွဲသင်တန်း၊ (၉)လသင်တန်းစသည်ဖြင့် သင်တန်းကာလများ ပြောင်းလဲဖွင့် လှစ်ခဲ့ရာမှ ၂၀၁၇ခုနှစ်၊ နို၀င်ဘာလတွင် သင်တန်းဆင်းသည့် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၃)အထိ သင်တန်းသားဦးရေစုစုပေါင်း(၆,၁၃၀)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊သင်တန်းအသီးသီးကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသားများသည် သစ်တော ဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းစသည့် လုပ်ငန်းဌာန များ၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အဓိကကျောရိုးဝန်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင် လျက်ရှိကြပါကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် သစ်တောဦးစီးဌာနမှ သင်တန်းသား(၅၂)ဦးနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သင်တန်းသား(၅)ဦး၊ ပေါင်း(၅၇)ဦး သင်တန်းတက်ရောက် အောင်မြင်ပြီး သင်တန်းဆင်းကြသည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်း တည်ထောင် ဖွင့်လှစ် သင်ကြားပို့ချရသည့် ရည်ရွယ်ချက်များမှာ- သစ်တောလုပ်ငန်း ဆောင်ရွက်ရာတွင် လက်တွေ့ လုပ်ငန်းကျွမ်းကျင်တတ်မြောက်ပြီး ဌာန၏ အမာခံဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တတိုးတက်ကောင်းမွန်စေရန်၊ ကျရာ တာ၀န်ကို ကျေပွန်စွာထမ်းဆောင်လိုစိတ်နှင့် ပြည်သူ့အကျိုးကို သယ်ပိုးလိုစိတ်ရှိသော ပြည်သူ့ ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြန်မာ နိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ စီမံကိန်းသည် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ခုနှစ်ထိ(၁၀)နှစ်ကြာမြင့်မှာဖြစ်ပြီး၊ စီမံကိန်းကာလအတွင်း သစ်တောစိုက်ခင်း(၃၅၂,၄၃၈)ဧက၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း(၂၈၅,၁၀၄)ဧက၊ သဘာဝတော များတွင် ဓမ္မတာမျိုးဆက်ခြင်း(၈၁၈,၅၃၈)ဧက၊ အပူပိုင်းဒေသသဘာဝတောထိန်း (၅၀၀,၀၀၀) ဧက၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော(၇၇၀,၃၃၂)ဧကတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အမြဲတမ်းသစ်တောနယ်မြေကိုလည်း (နိုင်ငံ့ဧရိယာ၏ ၄၀%)အထိ တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးစေသည့် အဓိကအချက်တစ်ချက် ဖြစ်သည့် တရားမဝင်သစ် ခိုးထုတ်ခြင်းများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ဖို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူပူးပေါင်းပါဝင်သော လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့ စနစ်အရဆောင်ရွက်သဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ပြည်သူများပူးပေါင်းပါဝင်မှုကြောင့် သတင်းပေးပို့ခြင်း စုစုပေါင်း (၁,၁၀၉)ကြိမ်ရှိခဲ့ပြီး၊ တရားမဝင် ကျွန်း၊ သစ်မာနဲ့ အခြားသစ် (၃,၇၉၆)တန် ကျော်နှင့် တရားမဝင်သစ်လုပ်ကိုင်သည့် တရားခံ (၅၅၄) ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့့် (၁) နိုင်ငံတော်၏ သယံဇာတများကို ထိန်းသိမ်း ကာကွယ်ရန်၊ (၂) သဘာဝသယံဇာတများကို သားစဉ်မြေးဆက် သုံးစွဲနိုင်ရေး ထုတ်ယူသုံးစွဲရန်၊ (၃)ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ သဟဇာတဖြစ်အောင် ထိန်းညှိဆောင် ရွက်ရန်စသည့် ရည်မှန်းချက်များကိုရှေ့ရှုပြီးလုပ်ငန်းများအောင်မြင်ရေးအတွက် သစ္စာရှိရှိ၊ တာ၀န် သိသိ ရိုးသားစွာနှင့် ကြိုးစားပြီး စေတနာပညာအပြည့်နှင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ထမ်းရွက် ကြပါ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်သူလူထုဗဟိုပြု လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များမှာ ပြည်သူနှင့်အတူ ပူးပေါင်းပါ၀င်ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်း ဆရာများနှင့် ပထမနှစ် သင်တန်းသား (၅၂) ဦး၊ သင်တန်းဆင်း သင်တန်းသား(၅၇)ဦးအပါအဝင် စုစုပေါင်း(၂၁၈)ဦး တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိသည့်အခြေခံသစ်တောပညာ(၂)နှစ်သင်တန်းသားများအားတွေ့ဆုံ၍သင်တန်း ဘာသာရပ်အလိုက် လေ့လာသင်ယူနိုင်မှုအပေါ် လေ့လာဆန်းစစ်၍ ပညာလေ့လာဆည်းပူးရာတွင် လိုက်နာကျင့်သုံးအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။ ၄င်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်း၊ သစ်တောပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ၍ ပြကွက်တစ်ခုချင်းအလိုက် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ထပ်မံဖြည့်စွက်ပြသရမည့် ပြကွက်များအား လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းဌာနတို့မှ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများအား တွေ့ဆုံ၍ စိုက်ခင်းများရှင်သန်အောင်မြင်စေရန်၊ တရားမဝင် သစ်ဖမ်းဆီးအရေးယူဆောင်ရွက်ရန်၊ ဝန်ထမ်း အင်အားလိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးကိစ္စများ၌ ဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရန်၊ ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်တို့ နှင့်ပတ်သက် ၍ အသေးစိတ် တွေ့ဆုံမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, February 13, 2019 - 11:30