ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) (၂/ ၂၀၁၉) အစည်းအဝေးကျင်းပ

ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်တီ(၂/၂၀၁၉) အစည်း အဝေးအား (၂၉-၁၀-၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။
အမှာစကားပြောကြားရာတွင် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသား အဆင့်ကော်မတီကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁/၂၀၁၉ အစည်းအဝေးအား (၂-၂-၂၀၁၉) ရက်နေ့တွင် အင်းလေးကန်၌ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်အခမ်းအနားနှင့် တစ်ဆက်စပ်တည်းကျင်းပခဲ့ပြီး၊ ယနေ့အစည်းအဝေးသည် သတ္တမအကြိမ် ကော်မတီအစည်းအဝေးဖြစ်ကြောင်း၊
မြန်မာနိုင်ငံမှ အဖွဲ့ဝင်ဖြစ်သည့် ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) ပါ ပြဋ္ဌာန်း ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် “နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) (၂၀၁၅−၂၀၂၀)”ပါ ရေဝပ်ဒေသများဆိုင်ရာ နိုင်ငံ အဆင့် ရည်မှန်းချက်နှင့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်တို့အတွက် အမျိုးသားအဆင့် ကော်မတီအား ရေဝပ်ဒေသစီမံအုပ်ချုပ်ခြင်းနှင့် ဆက်စပ်နေသည့် ဌာနအဖွဲ့အစည်း (၉)ခုမှ အဆင့် မြင့်အရာရှိကြီးများပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများကို ထိန်းသိမ်းခြင်း နှင့် စီမံအုပ်ချုပ်ခြင်းတို့တွင် ဆက်စပ်ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု မြှင့်တင်နိုင်ရန်အတွက် အမျိုးသားအဆင့် ကော်မတီ၏ အစည်းအဝေးများ ကျင်းပနိုင်ရေးအား သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA) တို့မှ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊
စီမံကိန်း၏ ပံ့ပိုးပေးမှုဖြင့် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများအတွက် ပထမဆုံး မူဝါဒဖြစ်သည့် “အမျိုးသားရေဝပ်ဒေသ မူဝါဒ နှင့် မဟာဗျူဟာလုပ်ငန်းများ (၂၀၁၈)”ကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊
အမျိုးသားအဆင့် ကော်မတီအနေနှင့် “အမျိုးသားရေဝပ်ဒေသ မူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ (၂၀၁၈)” ကို အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသည့် ရေဝပ်ဒေသများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေး၊ အကျိုးရှိရှိ အသုံးချရန်၊ အဆင့်အတန်းမြှင့်တင်ရန် နည်းပညာပိုင်းအားနည်းခြင်း၊ ဆက်စပ်ဌာန/ အဖွဲ့အစည်းများအကြား ပေါင်းစပ်မှုအားနည်းခြင်း၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်း များကြောင့် ထိရောက်စွာ ဆောင်ရွက်ရန် အားနည်းခဲ့ပါကြောင်း၊ ယခုတွင် ကော်မတီဝင်များ၏ ပံ့ပိုးမှုနှင့် NEA ၏ အကူအညီတို့ဖြင့် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လာနိုင်ခြင်းသည် သိသာထင်ရှားသည့် ရလဒ်ကောင်းဖြစ်ကြောင်း၊
ယနေ့ အစည်းအဝေးတွင် ၁/၂၀၁၉ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှု၊ ရမ်ဆာရေဝပ်ဒေသ ပညာရှင်များမှ ပြုစုမွမ်းမံခဲ့သည့် နိုင်ငံအဆင့် ရေဝပ် ဒေသစာရင်း ၊ ရမ်ဆာဒေသများအဖြစ် အဆိုပြုသတ်မှတ်နိုင်မည့် နေရာစာရင်း ပြုစုမှုအခြေအနေ၊ “မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ် မှုမြှင့်တင်ခြင်း စီမံကိန်း Phase II” ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းကာကွယ်မှုတို့နှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ယနေ့ တင်ပြချက်များအပေါ်တွင် ကော်မတီအဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အဖွဲ့ဝင်များ၊ နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ ကိုယ်စားလှယ်များ၊ ရမ်ဆာရေဝပ် ဒေသ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Tuesday, October 29, 2019 - 16:00