မဲခေါင်ဒေသကျွန်းစီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသင်တန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးလက်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

မဲခေါင်ဒေသ ကျွန်းစီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသင်တန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုဝါးလက်မှု သင်တန်းများဖွင့်ပွဲအခမ်းအနားကို (၃-၃-၂၀၂၀)ရက် (အင်္ဂါနေ့)၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တော သုတေသနဌာန၊ ရေဆင်းတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားပါသည်။
အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းပြီး အကောင်အထည်ဖေါ်မည့် “မဲခေါင် ဒေသကျွန်း မျိုးရိုးဗီဇထိန်းသိမ်းရေး စီမံကိန်း” ကို ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည် ဖေါ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများ အတူတကွ ပူးပေါင်းအကောင်အထည် ဖေါ်ဆောင်ရွက်သည့်စီမံကိန်း လည်းဖြစ်ပါကြောင်း၊ သဘာဝ ကျွန်းတောများ ပေါက်ရောက်သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်နှင့် နေပြည်တော် ဥတ္တရခရိုင်တို့တွင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း၏ပထမဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့်ကျွန်းခန္ဓာပိုင်း မျိုးပွားခြင်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်း မှာ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါကြောင်း၊
သစ်တောဦးစီးဌာနနှင့်ITTO ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၀၆ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ စီမံကိန်းကာလအတွင်းတွင်ကျွန်းမျိုးသန့်ပင်ရှာဖွေခြင်း၊ သစ်စေ့ထုတ်ဧရိယာများ (Seed Production Area-SPA) တည်ထောင်ခြင်း၊ မျိုးသန့်ဥယျာဉ်တည်ထောင်ခြင်း (Seed Orchard)၊ ခန္ဓာပိုင်းမျိုးထုတ် ဥယျာဉ်တည်ထောင်ခြင်း (Hedge Garden) ၊ ဒေသမျိုးရင်းစမ်းသပ်ကွက် တည်ထောင်ခြင်း၊ စိုက်ပျိုးပင်အမျိုးမျိုး စမ်းသပ်ကွက်တည်ထောင်ခြင်းတို့ကို စီမံကိန်းအထောက်အပံ့နှင့် တည်ထောင် နိုင်ခဲ့ပါကြောင်း၊
သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ ပူးပေါင်းပြီး ၂၀၁၆ ခုနှစ်မှ စတင်ပြီး REDD+ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊မြောက်ဇာမရီကြိုးဝိုင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် REDD+ လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သစ်တောသယံဇာတစာရင်းကောက်ယူခြင်း၊သစ်တောကာဗွန်တိုင်းတာခြင်း၊ဒေသန္တရအဆင့်လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အစီအမံများရေးဆွဲခြင်း၊ သစ်တောပြုန်းတီးမှု လျှော့ချနိုင်ရေး၊ သစ်တောဧရိယာတိုးပွားလာစေရေးအတွက် သရုပ်ပြသစ်တော ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အလေးထားဆောင် ရွက်လျက်ရှိပါကြောင်း၊
ဝါးအခြေခံ လက်မှုပညာသင်တန်းကို မတ်လ (၃) ရက်နေ့မှ (၁၇) ရက်နေ့ အထိ (၁၅)ရက် ကြာဖွင့်လှစ်မည်ဖြစ်ပြီး KFS REDD+ စီမံကိန်း၏ထောက်ပံ့မှုနှင့်ဖွင့်လှစ်သည့် ပဉ္စမအကြိမ်မြောက် သင်တန်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက် ဒေသတွင် နေထိုင်ကြသည့် ကျေးလက်ပြည်သူများဖြစ်ပါကြောင်း၊ မြန်မာ့သစ်တောမူဝါဒ၏ ပဓာန (၆) ချက်တွင်လည်း ပြည်သူလူထု၏ အခြေခံစားဝတ်နေရေးအတွက် ဖြည့်ဆည်းပေးခြင်း၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အချက်များ ပါဝင်ပါကြောင်း၊
သစ်တောအပေါ်မှီခိုနေသည့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်း များတိုးတက်လာရန်အတွက်သစ်တောထွက်ပစ္စည်းများအထူးသဖြင့်ဝါးကိုအခြေခံသည့် လက်မှုပညာ သင်တန်း များကိုလည်း ဖွင့်လှစ်ပို့ချခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများတည်ထောင် ခွင့်ပြုခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ ဖွံ့ဖြိုးလာစေရန် အားပေးကူညီခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ အင်တာပရိုက် (CFE) များ ဖွံ့ဖြိုးလာစေရန် ပံ့ပိုးကူညီ ခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဝါးအခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်ပဝင်ငွေ တိုးတက်ရန်အတွက် ရည်မှန်းပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးလုပ်ငန်းများအရှိန်အဟုန်နှင့် အောင်မြင် စေရန်၊ အဖိုးတန် ကျွန်းပေါက်ရောက်ရာ သဘာဝတောများ ထိန်းသိမ်းရန်နှင့် ကျွန်းစိုက်ခင်းများ စဉ်ဆက်မပြတ် အောင်မြင်စေရန် အထူးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ၂၀၀၆-၀၇ ခုနှစ်ကစပြီး Private Public Partnership (PPP) နည်းလမ်းဖြင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို စိုက်ပျိုးခွင့်ပြု ပေးလျှက်ရှိပါကြောင်းနှင့် သင်တန်းများမှ သင်ကြားပေးသည့် အသိပညာအတတ်ပညာများ၊ လက်မှုပညာရပ်များကို တတ်မြောက်ကျွမ်းကျင်အောင် လေ့လာသင်ယူကြပါရန် ပြောကြားသွားပါ သည်။
အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်းများဖွင့်ပွဲအခမ်းအနားသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်း နည်းပြ ဆရာများ၊ သင်တန်းသား ကျေးလက်ပြည်သူများ၊ သုတေသီများ တက်ရောက်ကြပါသည်။

date: 
Tuesday, March 3, 2020 - 14:15