မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်

မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို (၂၄-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီး ဌာန၊ အင်ကြင်းခန်း၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ယနေ့အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှုကောင်စီရဲ့ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ မှာ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် ဥပဒေပြဋ္ဌာန်းရမည်ဟု လည်းကောင်း၊ နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်ဟုလည်းကောင်း ပြဋ္ဌာန်း ထားပါကြောင်း၊
ထို့ကြောင့် နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်၊ အသုံးချနိုင် ရန်အတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသားမြေအသုံးချမှုကောင်စီ ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊
ဒါ့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီဟာ ကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲ အသုံးပြုနိုင်ဖို့အတွက် မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊
ယခုကျင်းပသည့် အစည်းအဝေးတွင် ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အမျိုးသားမြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆုံးဖြတ် ချက်များ၊ လုပ်ငန်းများကို အမျိုးသားမြေအသုံးချမှုမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော်ခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အမျိုးသား မြေအသုံးချမှု စီမံကိန်းများကို တစ်နိုင်ငံလုံးအတွက် အသစ်ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး လမ်းညွှန်မူများ၊ မဟာဗျူဟာလုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း စသည့့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေနှင့် မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ကျရာ နေရာမှပါဝင်ပြီး ကြိုးပမ်းထမ်းဆောင်ကြရန် ပြောကြားလိုပါကြောင်း၊
မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအနေနှင့် အမျိုးသားမြေအသုံးချမှုကောင်စီမှ မြေသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရေး မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များကို အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ စနစ် တကျ ရေးဆွဲအသုံးပြုနိုင်ရန်အတွက် အဖွဲ့ဝင်များအားလုံးမှ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပွင့်ပွင့် လင်းလင်းတင်ပြဆွေးနွေးညှိနှိုင်းကြပါဟု ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အမျိုးသားမြေအသုံးချမှုကော်မတီ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှု ကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် EU ၊ SDC တို့အကြား RoD ရေးထိုးခြင်း၊ EU အထောက်အပံ့နှင့် FAO မှ ဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးပြီး တက်ရောက်လာသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရေးရာကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ဌာနများမှ အကြီးအကဲများနှင့် အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဆွေးနွေးကြပါသည်။

date: 
Tuesday, March 24, 2020 - 15:00