သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း (Project for Capacity Building for Sustainable Natural Resource Management - FDSNR-JICA)

၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားချက်နှင့်အညီ အင်းလေးကန် ထိန်း သိမ်းရေးအတွက် "သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း" ကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီတို့အကြား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုး၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းလျက် ရှိပါသည်။
၂။ ၎င်းစီမံကိန်းကို အင်းလေးကန်ဒေသအတွင်း သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေရန် စီမံအုပ်ချုပ်ရာတွင် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့များ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဒေသခံလူမှုအသင်းအဖွဲ့များ၏ စွမ်းဆောင် ရည်များ မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၃။ စီမံကိန်းကာလသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၅) နှစ်ကြာ ဖြစ်ပါသည်။
၄။ စီမံကိန်းဧရိယာသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အင်းလေးကန်ဒေသ ဖြစ်ပါသည်။
၅။ စီမံကိန်းတွင် လုပ်ငန်းကဏ္ဍအလိုက် အောက်ပါအတိုင်း အပိုင်း(၃) ပိုင်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါ သည်-
အပိုင်း(၁) သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊
အပိုင်း(၂) အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရာတွင် ဘက်စုံစီမံအုပ်ချုပ်လုပ် ကိုင်မှုနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်အား မြှင့်တင်ခြင်း၊၊
အပိုင်း(၃) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် သိပ္ပံနည်းကျ သတင်း အချက်အလက်များ စုစည်းမှု မြှင့်တင်ခြင်း။
၆။ အပိုင်း(၁) သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပတ်သက်၍ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါ သည်−
- သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်ခြင်း၊
- အဝေးမှ စူးစမ်းလေ့လာသည့် နည်းပညာသစ်များအား အဆိုပြု စမ်းသပ် ဆောင် ရွက်ခြင်း၊
- သစ်တောများအား စောင့်ကြည့်လေ့လာသည့် စီမံချက်များ မြှင့်တင်ခြင်းနှင့် ၎င်းစနစ်အား စမ်းသပ် အကောင်အထည်ဖော်ခြင်း၊
- သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင် ပေးခြင်း၊
- ဌာနဆိုင်ရာဝန်ထမ်းများအတွက် လိုအပ်သည့် နည်းပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊
- ပြန်လည်ဆွေးနွေးအကြံပြုသည့်စနစ်များ ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခြင်း၊
- နိုင်ငံတကာ အထောက်အပံ့များနှင့် ပုဂ္ဂလိကဏ္ဍများမှ အထောက်အပံ့များ ရရှိ စေရန် ရှာဖွေဖော်ထုတ်ပေးခြင်း။
၇။ အပိုင်း (၂) အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရာတွင် ဘက်စုံစီမံအုပ်ချုပ်လုပ် ကိုင်မှုနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ် မြှင့်တင်ခြင်းနှင့် ပတ်သက်၍ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါ သည်-
- အင်းလေးကန် စီမံခန့်ခွဲသည့် အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ချိတ်ဆက်ပေးနိုင်မည့် ခိုင်မာသော အဖွဲ့အစည်းတစ်ရပ် တည်ထောင်ခြင်း၊
- ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ စီမံချက်များ ရေးဆွဲ၍ ရွေးချယ်ထားသော ဧရိယာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- မြေဆီလွှာတိုက်စားခြင်းဆိုင်ရာ စီမံချက်များ ရေးဆွဲ၍ ရွေးချယ်ထားသော ရေဝေရေလဲဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်း၊ မိုးလေဝသ အခြေအနေများ ပြောင်းလဲခြင်း၊ နှုန်းအနည်ထိုင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်း ခြင်းနှင့် ရေမြေအပိုင်းအခြားအလိုက် စီမံအုပ်ချုပ်ခြင်း စသည်တို့နှင့် စပ်လျဉ်း ၍ အခြေခံသတင်းအချက်အလက် စာရင်းကောက်ယူခြင်း၊
- ဘက်စုံ ပူးပေါင်းပါဝင်သည့် ရေဝေရေလဲ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲခြင်း၊
- အခြား အထူး ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
၈။ အပိုင်း(၃) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် ဆိုင်သည့် သိပ္ပံနည်းကျ သတင်း အချက်အလက်များ စုစည်းမှု မြှင့်တင်ခြင်း နှင့်ပတ်သက်၍ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါသည်−
- သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနတွင် ဇီဝမျိုးစုံမျိုးကွဲ နမူနာများ ထိန်းသိမ်းရေးဆိုင်ရာ စင်တာ တည်ဆောက်ခြင်း၊
- ဇီဝမျိုးစုံမျိုးကွဲနမူနာများနှင့်ပတ်သက်သည့် အချက်အလက်များ စနစ်တကျ သိမ်းဆည်းသိုလှောင်သည့် စနစ် တည်ထောင်ခြင်း၊
- ဇီဝမျိုးစုံမျိုးကွဲ နမူနာများ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင် ခြင်း။

date: 
Tuesday, April 21, 2020 - 12:30