ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်းရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Ball)များ ကြဲချခြင်းပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်၊ အင်းလေးကန်ရေဝေရေလဲဒေသအတွင်းရှိ တောင် ကတုံးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေသတ္တုတူးဖော်ခြင်းကြောင့် သစ်တောပြုန်းတီးနေ သော နေရာ(၉)နေရာတို့တွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချခြင်းကို (၁၉-၆-၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောများတွင် ချယ်ရီ၊ ထင်းရှူး၊ ရေသင်းဝင်အစရှိသည့် ဒေသသစ်မျိုးများအပါအဝင် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုး (၁၃)မျိုးဖြင့် ပြုလုပ်ထား သော သစ်စေ့မြေလုံး (၃)သိန်းအား ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ကြောင်း သိရှိရပါသည်။
သစ်စေ့မြေလုံး ကြဲချရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးတို့ တက်ရောက်အားပေးခဲ့ကြပါသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကြိုးပြင်တောများအတွင်း ရွှေသတ္တု တူးဖော်ခြင်းကြောင့် သစ်ပင်ပေါက်ရောက်မှုမရှိသော နေရာ(၉)နေရာ ဧရိယာ(၄၈၀)ဧကတွင် ဘောစကိုင်း၊ ရှား၊ ဆူဖြူမျိုးစေ့ပါဝင်သော သစ်စေ့မြေလုံး (၁၀၀,၀၀၀)လုံးအား ရဟတ်ယာဉ်ဖြင့် ကြဲချခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ခေတ္တ ဌာနချုပ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စစ်ကိုင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။
သစ်စေ့မြေလုံးများကို ရဟတ်ယာဉ်ဖြင့် ကြဲချခြင်းအပြင် မြေပြင်တွင်လည်း ကျောက် တောင်များ၊ ချိုင့်ဝှမ်းများကင်းလွတ်သည့် အပင်ပေါက်ရောက်နိုင်သော တောင်ကုန်းနေရာများတွင် လူအင်အားဖြင့် ဆူးထိုးစိုက်ပျိုးခြင်း၊ လေးခွများဖြင့် အပေါ်သို့မြှောက်ပစ်၍ စိုက်ပျိုးခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ မေလတတိယအပတ်မှစ၍ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ပထမပတ်အထိ သစ်စေ့မြေလုံး (၁,၀၇၀,၀၀၀)လုံးကို လူအင်အား ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည် နယ်တို့တွင် ဆူးထိုးစိုက်ပျိုးခြင်း ဆောင်ရွက်ပြီးဖြစ်ပါသည်။ လူအင်အားဖြင့် ဆူးထိုးစိုက်ပျိုးရန် လျာထားချက်အနက် ကျန်ရှိသည့် သစ်စေ့မြေလုံး (၃၀,၀၀၀)လုံးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
သစ်စေ့မြေလုံး ကြဲချ/ ဆူးထိုးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အား အနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ လူသွားရန်ခက်ခဲသည့် တောင် ကုန်းတောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှုရာခိုင်နှုန်း ကောင်း စွာမရရှိနိုင်သော်လည်း နိုင်ငံတကာအတွေ့အကြုံများအရ ၂၀% မှ ၃၀% ပေါက်ရောက်ပါက အောင် မြင်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ ယခုနှစ် လူအင်အားဖြင့် ဆူးထိုးစိုက်ပျိုးထားသည့် နေရာများမှ သစ်စေ့မြေလုံးများ၏ အောင်မြင်မှုကို မှတ်တမ်းတင်နိုင်ရေး စနစ်တကျဆောင်ရွက်ထားပြီးဖြစ် ကြောင်း သိရှိရပါသည်။

date: 
Monday, June 22, 2020 - 10:15