မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောပညာဖွံ့ဖြိုးမှု သင်တန်းအမှတ်စဥ် (၂ဝ)အားဖွင့်လှစ်ပို့ချခြင်း

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်၍ သစ်တောထွက်ပစစည်းများ ထုတ်ယူခြင်းဖြင့် သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့နည်းလာစေရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတွင် သီးနှံသစ်တောရောနှော စိုက်ပျိူးခြင်းအားဖြင့် သစ်တောထွက်ပစစည်းနှင့် စားသုံးသီးနှံနှစ်မျိုးစလုံး အကျိုးခံစားနိုင်ကြခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအား အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများသစ်တောလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအကြောင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန်ရည်ရွယ်လျက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောပညာဖွံ့ဖြိုးမှု သင်တန်းအမှတ်စဥ်(၂ဝ)ကို မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် (၉-၉-၂ဝ၁၃)ရက်နေ့မှ (၂ဝ-၉-၂ဝ၁၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၊ ပုသိမ်ကြီးမှ ဉီးစီးအရာရှိ သင်တန်းဆရာ(၄)ဦးတို့က စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး မကွေးခရိုင်မှ ကျေးလက်ပြည်သူအဆင့် သင်တန်းသား(၅)ဦး၊ မင်းဘူးခရိုင်မှ(၄)ဦး၊ ပခုကကူခရိုင်မှ(၄)ဦး၊ သရက်ခရိုင်မှ(၄)ဦးနှင့် ဂန့်ဂေါခရိုင်မှ(၃)ဦး စုစုပေါင်းသင်တန်းသား(၂ဝ)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းကာလအတွင်း ဒိုချပ်ကင်းပိုးမွေးမြူခြင်းနှင့် သဘာဝမြေသြဇာ ပြုလုပ်ပုံအဆင့်ဆင့်၊ အပင်ခနပိုင်းမျိုးပွားခြင်းနှင့် ပျိုးဥယျာဉ်တည်ဆောက်ခြင်း၊ စံပြအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းနှင့် သစ်တောစိုက်ခင်းတည်ထောင်ခြင်းတို့အား (၁၇-၉-၂ဝ၁၃)ရက်နေ့မှ (၁၉-၉-၂ဝ၁၃)ရက်နေ့အထိ လက်တွေ့လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပြီး မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မကွေးမြို့နယ်တို့တွင်ရှိသော သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ သစ်တောစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများအား ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။