ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသစ်တောများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေးမှသစ်တောများ ကာကွယ်ထိန်းသိမ်း ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် လမ်းညွှန်ချက်အရ ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသစ်တောများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား(၁၃-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသစ်တော များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တစ်ရပ်ဖြစ်ပါ ကြောင်း၊ သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်စေရေး၊ သစ်တော ဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာစေရေး၊ သဘာဝဘေးဒဏ်ကျရောက်မှု အန္တရာယ်ကာကွယ်နိုင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှာ့ချရေးနှင့် သစ်တောများမှ တိုက်ရိုက်နှင့် သွယ်ဝိုက်သော အကျိုးကျေးဇူး များကို အပြည့်အဝရရှိခံစားနိုင်ရေးတို့အတွက် ယခုကဲ့သို့သော သစ်တောသယံဇာတရေရှည် တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကြီးတစ်ရပ်ကို အစိုးရသစ်စတင်ချိန် (၁၄-၅-၂၀၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ကဏ္ဍအသီးသီးမှအကျိုးဆက်စပ်ပတ်သက်သူများပါဝင်လျက် ကျယ်ကျယ် ပြန့်ပြန့်ဝိုင်းဝန်းဆွေးနွေးခဲ့ရာ ရလဒ် ကောင်းများ ထွက်ပေါ်ခဲ့ပါကြောင်း၊
ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသစ်တောများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောများစီမံအုပ်ချုပ်ရာတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မူဝါဒအမြင်မှရူမြင်သုံးသပ်ခြင်း၊ ပြည်သူများ သစ်တရားဝင်သုံးစွဲခွင့်ရရှိရေး စီမံ ချက်၊ သစ်တောများရေရှည်တည်တံ့ဖွံ့ဖြိုးစေခြင်းကို အထောက်အကူပြုသစ်ထုတ်ခြင်း နည်းစနစ်၊ ခရိုင်သစ်တောထိန်းသိမ်းကာကွယ်ရေးတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သစ်တောများထိန်း သိမ်းကာကွယ်စီမံအုပ်ချုပ်မှုကဏ္ဍ၊ သစ်နှင့်သစ်တောထွက်ပစ္စည်း ထုတ်ယူအသုံးချရေးကဏ္ဍ၊ သစ်တောများရေရှည်တည်တံ့ရေးနှင့် သစ်တောဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ သစ်တောဝန်ထမ်း များ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သစ်တောဝန်ထမ်းများအတွက် လူမှုဖူလုံရေး၊ ဝန်ထမ်းများ လုပ်ငန်းခွင်သာယာရေး၊ ဝန်ထမ်းများအတွက် လူမှုရေးအထောက်အပံ့ ပံ့ပိုးမှုနည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို (၁၃-၈-၂၀၂၀) ရက်နေ့မှ (၁၄-၈-၂၀၂၀)ရက်နေ့အထိ (၂)ရက်တာ ကျင်းပမည်ဖြစ်ကြောင်း၊
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်တောအသင်းမှ တင်ပြအကြံပြုချက်များ၊ မြန်မာ့ သစ်လုပ်ငန်းမှ တင်ပြချက်များ၊ သစ်တောဦးစီးဌာနမှ တင်ပြချက်များအပေါ် တက်ရောက်လာသူ များအနေဖြင့် မိမိတို့၏လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ၊ မတူကွဲပြားသည့် ပညာရပ်များ၊ လေ့လာဆည်းပူးခဲ့သည့် ဗဟုသုတများကို အခြေခံပြီး တက်ကြွစွာပူးပေါင်းပါဝင်ဆွေးနွေးအကြံပြု ပေးကြပါရန်နှင့် အလုပ်ရုံဆွေးနွေးပွဲမှ ပိုမိုကောင်းမွန်သောစီမံအုပ်ချုပ်မှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူပြုပြီး ကောင်းမွန်သောရလဒ်များ ဖော်ထုတ်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အရာထမ်းများ၊ မြန်မာနိုင်ငံသစ်တောအသင်း၊ မြေယာမဏ္ဏိုင်အဖွဲ့နှင့် The Nature Conservancy(TNC) တို့မှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြား ထားသည့် ဧည်သည်တော်များ တက်ရောက်ကြပါသည်။

date: 
Thursday, August 13, 2020 - 15:45