သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉-၉-၂၀၂၀)ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုအစည်းအဝေးကို Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ယခုကာလအတွင်း ဝန်ထမ်းများ၏ ကျန်းမာရေးအား အထူးဂရုစိုက်ရန်လိုကြောင်း၊ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်ရာတွင် အထူးသဖြင့် တရားမဝင် သစ်ဖမ်းဆီးရာတွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဂရုပြု ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ၏ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲကိုလည်း တတ်နိုင်သမျှ ကူညီဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အား မပြည့်စုံသည့်အတွက် သစ်တောသယံဇာတများ ထိန်း သိမ်းကာကွယ်ရာတွင် ဝန်နှင့်အားမမျှသည်ကို သိရှိပါကြောင်း၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းနှင့် အညီ လိုက်နာဆောင်ရွက်ရန် အထူးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ သစ်တောဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ လက်ရှိခန့်ထားသည့် အင်အားမှာ (၅၀ %)ခန့်သာ ခန့်ထားနိုင်ကြောင်း၊ တာဝန် မကျေပွန်မှု၊ မသမာမှုများကြောင့် ဝန်ထမ်းများအပြစ်ပေးအရေးယူခံရမှု လျော့နည်းသွားစေရေး ကြပ်မတ်ရန်လိုကြောင်း၊
ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်းနှင့်ပတ်သက် ၍ ၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော တတိယ (၁၀)နှစ်စီမံကိန်းကို (၅)နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်ရာ၌ လက်ရှိသစ်တောဖုံးလွှမ်းမှု၊ မြေအသုံးချမှုအခြေအနေ၊ ဝန်ထမ်းအင်အား နိုင်ငံတော်မူဝါဒများနှင့်အညီ လိုက်လျောညီထွေဖြစ် စေရေး ကြီးကြပ်ရန်လိုကြောင်း၊ FAO မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ သစ်တောသယံဇာတအခြေအနေဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ (Global Forest Resources Assessments –GFRA 2020)အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာစုစုပေါင်း၏ ၄၂.၁၉ % ဖြစ်၍ နှစ်စဉ်ကမ္ဘာ့သစ်တောပြုန်းတီးမှုအဆင့်ပြဇယား၌ အဆင့်(၇)တွင်ရှိကြောင်း ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (FRA 2015)အရ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆင့်ပြဇယား အဆင့်(၃)တွင်ရှိခဲ့သဖြင့် ကမ္ဘာ့အဆင့် သစ်တောပြုန်းတီးမှုအဆင့်လျော့ကျခဲ့ကြောင်း၊
မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း MRRP ကို ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ (၁၀)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းတွင် (၁၀)နှစ်စီမံကိန်းလျာထား ဧက (၂၁၅၇၂၅)အပေါ် (၄)နှစ်ကာလ အတွင်း (၈၇၃၈၅)ဧက (၄၀.၅%) စီမံကိန်းလျာထားချက်များအတိုင်း ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ကျေးရွာထင်းစိုက်ခင်းကို တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိရာ စီမံကိန်းလျာထားဧက (၆၉၈၂၅) တွင် (၄)နှစ်တာကာလအတွင်း (၁၄၀၈၀)ဧက (၂၀%)သာ ပြီးစီးသဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့် စီမံကိန်းပါလျာထားချက် အတိုင်း ပြည့်မီစွာ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေနှင့် မြေနေရာရရှိရေး ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းနှင့် သစ်တောသယံဇာတများ ထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ရှင်းလင်းလွယ်ကူစေရန်အတွက် လုပ်ငန်းစဉ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်း(Standard Operating Procedure-SOP)များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မြို့နယ်ဦးစီးဌာန မှူးများမှ သေချာစွာ ဖတ်ရှုမှတ်သားပြီး ဝန်ထမ်းများနှင့်တစ်လတစ်ကြိမ်တွေ့ဆုံရာတွင် နားလည် သဘောပေါက်အောင် ရှင်းလင်းဆွေးနွေး ဆောင်ရွက်သွားရန် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊
တရားမဝင် သစ်ဖမ်းဆီးဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများအနေဖြင့် ရန်ပြုတိုက် ခိုက်ခံရခြင်းများနှင့်ပတ်သက်၍ လုံခြုံရေးအထူးဂရုပြုရန်လိုကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှု များအား ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့များသို့ တင်ပြဆောင်ရွက်သွားရန်လို ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ခြင်းနှင့်ပတ်သက်၍ သဘာဝထိန်းသိမ်းရေးနယ်မြေ များ တိုးချဲ့ဖွဲ့စည်းခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်(Re-establishing Natural Habitat Programme-RNH)အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များထံ တင်ပြ၍ ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ အင်းလေးကန်ရေရှည်တည်တံ့ရေး အတွက် အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေးအား နှစ်(၃၀) ရည်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အောင်မြင်စွာဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ငန်းများတည်ထောင်ခြင်းကို နှစ်စဉ်လျာထားချက်များ ချမှတ်၍ ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ အသုံးပြုသူ အဖွဲ့(၅၆၁၉)ဖွဲ့၊ အဖွဲ့ဝင်ပေါင်း (၁၄၄၅၅၃) ဦးဖြင့် ဧရိယာ(၇၄၄၀၀၆)ဧကကို ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် အမျိုးသားသစ်တောကဏ္ဍပင်မ စီမံကိန်း၏ လျာထားချက်ဖြစ်သော(၂.၂၇)သန်း ဧကအနက် (၃၃%)ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်အလိုက် တည်ထောင်မည့် လျာထားချက်များနှင့်အညီ ပြည့်မီ အောင်ဖွဲ့စည်းနိုင်ရေး အရေးကြီးသကဲ့သို့ တည်ထောင်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းများ အောင်မြင်ရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင် ရွက်ပြီးစီးပါက လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံအဖွဲ့အစည်းများကို ဖိတ်ကြား၍ မိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရင်ဆိုင်ဖြေရှင်းရသည့် အခက်အခဲများကို နားလည်သိရှိစေရေး ရှင်းလင်းပြသရန် လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ တိုင်း ဒေသကြီး သစ်တောဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။

date: 
Thursday, September 10, 2020 - 10:15