သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောစိုက်ခင်းလုပ်ငန်းများစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၂.၁၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်း၊ အရိုးရောဂါ အထူးကုဆေးရုံကြီးအနီးရှိ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ဌာနပိုင် ဝါးနှင့် သစ်မျိုးစုံ (၃၁၂) ပင် စိုက်ခင်းအားလည်းကောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဝါးမျိုးစုံစိုက်ခင်း (၁၃၈) ပင်နှင့် အရိပ်ရပင် (၂၇၆)ပင် စိုက်ခင်းတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များ ရှင်သန်ကြီးထွားရေး နှင့် လိုအပ်သည့်နေရာများတွင် အရိပ်ရပင်များ ဖြည့်တင်းစိုက်ပျိုးရေးတို့အတွက် လိုအပ်သည်များ အား လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်း၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃)အတွင်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်ရန်အတွက် ရွေးချယ်ထားသည့် မြေနေရာအား စစ်ဆေးကြည့်ရှုခဲ့ပြီး လာမည့် ၂၀၂၁ မိုးရာသီ တွင် အပင်များစိုက်ပျိုးနိုင်ရန် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာ ကြားခဲ့သည်။

date: 
Monday, December 14, 2020 - 13:30