သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၍ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသန စာတမ်းရှင်များနှင့် စီမံကိန်းဧရိယာမှ ‌ဒေသခံများ တက်ရောက်ကြသည်။ဦးစွာပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းသည် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့-IUCN ၏ အမျိုးအစားအဆင့်သတ်မှတ်ချက်အရ တားမြစ် သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားတွင်ပါဝင်ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖွဲ့စည်းခဲ့သော သဘာဝကြိုးဝိုင်းဖြစ်ပြီး အပူပိုင်းမုတ်သုံ မိုးသစ်တောကြီး များပေါက်ရောက်ရာ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသော ကြိုးဝိုင်းတစ်ခု ဖြစ်ကြောင်း၊ သုတေသနစာရင်းကောက်ယူမှုများအရ မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ဇီဝမျိုးစုံမျိုးကွဲ စုစုပေါင်း၏ အမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းခန့်အထိရှိပြီး ကမ္ဘာပေါ်တွင် ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့် သတ္တဝါမျိုးစိတ်နှင့် အပင်မျိုးစိတ် များစွာပါဝင် ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အဓိကရည်ရွယ်သည် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးဖြစ်ကြောင်း၊ စီမံကိန်း ကာလ နှစ် ၂၀ အတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း ၃၅ စောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင် အခွင့် အလမ်းများစွာ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းသည် တောရိုင်းတိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရင်းဒေသ တစ်ခုဖြစ်ရုံသာမက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ယှဉ်တွဲအကောင်အထည်ဖော်နိုင်ကြောင်း ပြသနေသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက် သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်သည်။ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ပြသကာ ဂုဏ်ပြုတေးသရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားအား ရုပ်သိမ်းသည်။အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများဆိုင်ရာပိုစတာများနှင့် သုတေသနစာတမ်းဆိုင်ရာပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ယင်းနောက် တနင်္သာရီသဘာဝကြိုးဝိုင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆောင်ရွက်ရမည့် အခွင့်လမ်းကောင်းများဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့် စကားဝိုင်းဆွေးနွေးခြင်းအား ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိသည်။

date: 
Wednesday, January 22, 2025 - 07:15