မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း(၈,၄၀၀)ဧကရှိသော နယ်မြေကို “ပေါ်လယ်-ဝက်ချီပါကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်ကြောင်းကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင်ပြဋ္ဌာန်းထားသည့်သစ်တောဥပဒေပုဒ်မ(၆)၊ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း(၈,၄၀၀)ဧကရှိသော နယ်မြေကို “ပေါ်လယ်-ဝက်ချီပါကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၀/၂၀၂၂)အရ ၁၃၈၄ခုနှစ်၊ဝါခေါင်လဆန်း ၁၂ ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၈ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
ပေါ်လယ်-ဝက်ချီပါကြိုးပြင်ကာကွယ်တောဧရိယာသည်ကာကွယ်တောအနီးပတ်ဝန်းကျင်
ရှိဒေသခံပြည်သူများ၏စိုက်ပျိုးမြေများတွင်ရေရရှိနိုင်သည့်ရေဝေရေလဲဒေသအားထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် သဘာဝ တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။
ပေါ်လယ်-ဝက်ချီပါကြိုးပြင်ကာကွယ်တောအတွင်း အဖိုးတန်သစ်မျိုးများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ယင်းမာ၊ ထောက်ကြံ့ စသည့် သစ်မျိုးများ၊ အင်၊ ရှား၊ ၊ တယ်၊ နဘဲ၊ ဖန်ခါး၊ ဇီးဖြူ၊ ခူးသန်၊ နှော၊ လက်ပံ၊ သစ်ဖယောင်း၊ ဇောင်းပုလွေးပင်များ ပေါက်ရောက်နေပြီး ဂျီ၊ တောခွေး၊ တောကြောင်၊ တောကြက်၊ တောဝက်၊ ယုန်နှင့် မျောက် စသည့် တိရစ္ဆာန်များ၊ သစ်တောက်ငှက်၊ ငုံး၊ ခါ၊ ချိုး၊ စွန် စသည့်ငှက်မျိုးများ နေထိုင်ကျက်စားရာ ဒေသဖြစ်သည့်အပြင် မြစ်သာမြစ်အတွင်း စီးဝင်သော ပေါ်လယ်ချောင်းမကြီး၏ရေဝေရေလဲဧရိယာဖြစ်သဖြင့်သစ်တော သယံဇာတများကို စနစ်တကျထိန်းသိမ်းစီမံအုပ်ချုပ်ရန်အတွက် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်ပါသည်။

date: 
Thursday, August 11, 2022 - 12:00