ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းကျရောက်နေသည့် ဘူမိ နယ်မြေ(Geosite) ၁၅ နေရာ ပါဝင်သော ဧရိယာအကျယ်အဝန်း ၅၂၃၁၇ ဒသမ ၈၅ ဧက ရှိသော နယ်မြေကို “ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၅၂/၂၀၂၃) အရ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဘူမိရုပ်သွင်ထူးခြားသည့် နယ်မြေများကို ထိန်းသိမ်းရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များတည်တံ့စေရန်၊ တောရိုင်းတိရစ္ဆာန် များနှင့် သဘာဝအပင်များ၏နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန် စသည့် သဘာဝအမွေအနှစ် များအပြင် သမိုင်းကြောင်းနှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရန်ရည်ရွယ်၍ ဘူမိဥယျာဉ်ကို သတ်မှတ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ အပူပိုင်းဒေသ၏ အိုအေစစ်(Oasis)သဖွယ်ဖြစ်သည့် ပုပ္ပားတောင်ဒေသနှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ၁၉၈၉ ခုနှစ်တွင် ပုပ္ပားတောင်ဥယျာဉ်အဖြစ် ဖွဲ့စည်းခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ အင်ကြင်း စသည့် အဖိုးတန်သစ်မျိုးများနှင့် ဆေးဖက်ဝင်အပင်များအပြင် စန္ဒကူး၊ စကားဝါ၊ သစ်ဆိမ့်မှအစ အပူပိုင်းဒေသမျိုးရင်းအပင်မျိုးစိတ်များ၊ ပုပ္ပားမျောက်မြီးရှည် အပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ဒေသမျိုးရင်းငှက်မျိုးစိတ်များဖြစ်သည့် နဖားကြူးအမြီးဝိုင်း၊ စွေ့ အပါအဝင် အခြား ငှက်မျိုးစိတ်များ၊ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါမျိုးစိတ်များ၊ အင်းဆက်နှင့် လိပ်ပြာ မျိုးစိတ်များ စသည်တို့အား ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် သတ်မှတ်ခြင်းဖြင့် ပုပ္ပားဒေသရှိ ထူးခြားသည့်ဘူမိရုပ်သွင်နှင့် ကမ္ဘာ့အဆင့်ဘူမိဗေဒဆိုင်ရာ ဖြစ်တည်မှုများ၊ မီးတောင်ဖြစ်စဉ်များနှင့် ဘူမိဗေဒဆိုင်ရာ အမွေအနှစ် များကို ထိန်းသိမ်းနိုင်ခြင်း၊ ထူးခြားသည့်ဘူမိရုပ်သွင်နှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်း နိုင်ခြင်း၊ ဘူမိခရီးသွားလုပ်ငန်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အထောက်အကူ ပြုနိုင်ခြင်း၊ ဂေဟစနစ်များ တည်တံ့စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သစ်တောသယံဇာတများကို စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

date: 
Thursday, December 28, 2023 - 10:00