သစ်တောဦးစီးဌာန စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးရမိမှုထူးချွန်ဆုနှင့် အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးအကြို အမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီး ထုပ်ဆီးတိုး ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာလ(၁၂) ရက်နေ့မှ ဇန်နဝါရီလ(၂)ရက်နေ့အထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီး အကဲများ၊ ဝန်ထမ်းများ တက်ရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ သစ်တောစိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အင်ကြင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက နှစ်သစ်အခါသမယတွင် ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေး၊ ချစ်ခင်ရင်းနှီးစွာဖြင့် စည်းလုံး ညီညွတ်စေရေးတို့အတွက် လွတ်လပ်ရေးနေ့အကြိုနှင့် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများနှင့် ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်များကို နှစ်စဉ် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများနှင့်အတူ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် အရေးပါသော သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများနှင့် သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ လျော့နည်း ပပျောက် စေရေးအတွက် တရားမဝင်သစ်ဖမ်းဆီးရေးတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ မိုးရာသီတွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း စုစုပေါင်း ၁၆,၀၇၁ ဧက ဆောင်ရွက်ခဲ့ပြီး၊ တရားမဝင်သစ် တားဆီးကာကွယ်ရေးအတွက် ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းလမ်း(၈)သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စုစုပေါင်း တန် ၁၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ လည်း အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ နှစ်သစ်တွင် ဝန်ထမ်းများအားလုံး ကျန်းမာ ပျော်ရွှင်ပြီး ဝန်ကြီးဌာနနှင့် နိုင်ငံ့အကျိုး သယ်ပိုးထမ်းရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စီးပွားရေး စိုက်ခင်း ထူးချွန်ဆုပထမ၊ တရားမဝင်သစ် ဖမ်းဆီးရမိမှု ထူးချွန်ဆုပထမ၊ အမျိုးသားလွန်ဆွဲ ပထမ၊ အမျိုးသမီးလွန်ဆွဲ ပထမဆုများအား လည်းကောင်း၊ ဒုတိယဝန်ကြီးက စိုက်ခင်းထူးချွန်ဆု ဒုတိယ၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုဒုတိယ၊ အမျိုးသားလွန်ဆွဲဒုတိယ၊ အမျိုးသမီး လွန်ဆွဲ ဒုတိယဆုများအားလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများက ကျန်သည့်အားကစားပြိုင်ပွဲ အသီးသီးအလိုက် ဆုများချီးမြှင့်ခဲ့ပြီး ဆုရဝန်ထမ်းများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ကြောင်း သတင်းရရှိသည်။

date: 
Wednesday, January 3, 2024 - 10:15