သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ရုံးအမှတ် (၃၉)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမေက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဦးစီးဌာန၊ လုပ်ငန်းနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ် ၂ သတ္တုတွင်း လုပ်ငန်းအသင်းအားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသော သစ်တောဦးစီးဌာန အသင်းအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသော သတ္တုတွင်းဦးစီးဌာန အသင်းအားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများအား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

date: 
Thursday, February 22, 2024 - 15:45