ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖွင့်ပွဲအခမ်းအနားကို (၂၀-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ဥယျာဉ် တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးတို့ တက်ရောက် အဖွင့် အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဘူမိဥယျာဉ် (Geopark)သည် ဘူမိ အမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံး တမ်းများ၊ ဒေသထွက်ကုန်များနှင့် ရေမြေတောတောင်သဘာဝအလှတို့ကို စနစ်တကျ ထိန်းသိမ်း ကာကွယ်ထားပြီး ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ စီမံအုပ်ချုပ်ထားသည့် နိုင်ငံအဆင့်အရေးပါသော နေရာ တစ်ခုဖြစ်ကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ရေရှည်မျှော်မှန်းချက်ဖြစ်သော နိုင်ငံဧရိယာ၏ (၁၀)% ကို သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ နိုင်ငံဧရိယာ၏ (၆.၄၂)% ကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ် ကြောင်း၊ အမျိုးသားဆင့်ဘူမိဥယျာဉ်မှတစ်ဆင့် ကမ္ဘာ့ အဆင့် ဘူမိဥယျာဉ် သတ်မှတ်ခံရရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီးက ပြောကြား ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် ပုပ္ပားတောင် ဘေးမဲ့တော၊ ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ပြင်ဦးလွင်သားငှက်ဘေးမဲ့တော၊ လောကနန္ဒာဘေးမဲ့တော၊ မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောစသည့် သဘာဝထိန်းသိမ်း ရေးနယ်မြေများစွာရှိပြီး ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်သည် မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပထမခြေလှမ်းအနေနှင့် စတင်ဖွင့်လှစ်နိုင်ခဲ့သလို ဆက်လက် ၍ အလားအလာရှိသော သယံဇာတပေါကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာ များကိုလည်း ဘူမိဥယျာဉ်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါ ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

date: 
Friday, January 12, 2024 - 00:15