ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို(၁၆-၅-၂၀၂၄)ရက်နေ့၊နံနက်(၀၈:၃၀)နာရီတွင် ထန်းတပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ထန်းတပင် မြို့နယ် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၅၇)ဦးစုစုပေါင်း (၇၃)ဦး တို့ တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ ကျောင်းသား/ ကျောင်းသူများအား သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောသစ်ပင်များမှ ရာသီဥတု ပြောင်းလဲမှုကို လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို ရှင်းလင်းသရုပ်ပြခဲ့ပြီး ကျောင်းဝန်းအတွင်း ကံ့ကော်ပင်(၁)ပင် ခရေပင်(၂)ပင် တို့ကို စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ထန်းတပင်မြို့နယ်၊ သီတာအေး(ယာယီ)ပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Thursday, May 16, 2024 - 21:45