REDD+ ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းသတင်း( ၁၇. ၁၂ . ၂၀၁၃ )၊ နေပြည်တော်

မြန်မာနိုင်ငံသည်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့်ပတ်သက်သော အဖွဲ့အစည်း  (ITTO)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သစ်တောကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သစ်တော ဦးစီးဌာနနှင့်  ITTO တို့ပူးပေါင်းပြီး ၁၉၉၇ ခုနှစ်တွင် မြန်မာ့လူသုံးနည်းသစ်မျိုးများ ကမ္ဘာ့ ဈေးကွက်သို့ မိတ်ဆက်ခြင်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကာ ယနေ့အချိန်အထိ စီမံကိန်း(၈)ခုကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲ မှုလျော့ပါးသက်သာစေခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ဝါးသယံဇာတအသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ခြင်း၊ ကျွန်းမျိုးရိုးဗီဇထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ စံနှင့်အညွှန်းများ သတ်မှတ်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါသည်။

ITTOနှင့်ပူးပေါင်း​ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်သော စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်မှု မူဘောင်အတွင်းမှ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်း (REDD+)ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် စီမံကိန်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သိမြင်နိုးကြားမှုတိုးပွားလာစေရေးလုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တိုးမြင့်ရေးလုပ်ငန်းများ၊ REDD+လမ်းပြ မြေပုံရေးဆွဲရေးလုပ်ငန်းများ၊ သစ်တောကာဗွန်တိုင်းတာရေး၊ ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းများ၊ သစ်တောကာဗွန်ထုတ်လုပ်မှုရည်ညွှန်းပမာဏ(Referemce Emissions Level) သတ်မှတ်ရေး လုပ်ငန်းများကိုစီမံကိန်း၏ အဓိကလုပ်ငန်းများအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

REDD+ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုယနေ့(၁၇.၁၂.၂၀၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် နေပြည်တော် သစ်တော ဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော​ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းတက်ရောက်အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဝန်ကြီ:ဌာနများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့်ပတ်သက်သော အဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ပြည်တွင်းမှအစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် REDD+သည် အပင်များတွင် သိုလှောင်ထားသည့် ကာဗွန်ပမာဏအတွက် ငွေကြေးတန်ဖိုးတွက်ချက် ဖော်ပြပြီး သစ်တောများကို ခုတ်လှဲခြင်းထက် ပင်ထောင်အတိုင်းဆက်လက်တည်ရှိစေရန် ထိန်းသိမ်းကာကွယ်ခြင်းက ပိုမို တန်ဖိုးကြီးမားကြောင်းသိစေရန်နှင့် သစ်ထုတ်ရောင်းချသကဲ့သို့ ၀င်ငွေရရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုလျော့ပါးသက်သာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်၊ ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများရရှိရန် တို့အတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် UN-REDD အဖွဲ့ဝင်နိုင်ငံအဖြစ် REDD+ လုပ်ငန်းများ ကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ REDD+ လမ်းပြမြေပုံကို ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ရေးဆွဲပြုစုပြီ: လမ်းပြမြေပုံတွင်ပါ၀င်သည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် ကိုရီးယားသစ်တောဌာန(KFS)၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့်ပတ်သက်သော အဖွဲ့အစည်း(ITTO)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း လေ့ကျင့် ပညာပေးရေးဌာန(RECOFTC)၊ အာရှနှင့်ပစိဖိတ် သစ်တောကွန်ယက်(APFnet)၊Asia Air Survey Co.Ltd အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး REDD+ ရှေ့ပြေးစီမံကိန်းများကို အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊

သစ်တောများကိုအခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲခြင်းသည် ရာသီဥတုပြောင်းလဲမှု အပေါ် ဆိုးကျိုးသက်ရောက်မှုရှိသောကြောင့် မြေအသုံးချမှုနှင့် ဆက်စပ်သောလုပ်ငန်းများကို ရာသီဥတုပြောင်းလဲမှုလျော့ပါးသက်သာရေးကြိုးပမ်းမှု အစီအစဉ်များမှာ အရေးပါပါကြောင်း၊ REDD+ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် သစ်တောကာဗွန်တိုင်းတာခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းအပြင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းဖြစ်စေသည့် အဓိကအကြောင်းအရင်းများကို ဖော်ထုတ်ဖြေရှင်းခြင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်လုံခြုံမှုသတင်းအချက်အလက် တည်ဆောက်ထားခြင်း(Safeguard Information System)တို့သည်လည်း အရေးကြီးသောလုပ်ငန်းစဉ် (၂)ရပ်ဖြစ်ပါကြောင်း ၊

REDD+ လုပ်ငန်းစဉ်များသည် သစ်တောထိန်းသိမ်းရေးအခြေခံ အစိမ်းရောင်စီးပွားရေး လုပ်ငန်းများဖြစ်သောကြောင့် အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းပါ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ လူမှုသစ်တောလုပ်ငန်းများ၊ သီနှံသစ်တောရောနှောစိုက်ပျိုးရေးလုပ်ငန်းများကို REDD+ လုပ်ငန်း စဉ်၏ အစိတ်အပိုင်းများအဖြစ် ပူးတွဲအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းရမှာဖြစ်ကြောင်း၊

ယခုအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်(၃)ခုမှာ REDD+ သဘောတရားအယူအဆ၊  ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ နည်းစနစ်များအား ဆက်စပ်ပတ်သက်သူများ အားလုံးသိရှိနားလည်စေရန်၊ ကမ္ဘာနှင့်အ၀န်းREDD+ လုပ်ငန်းစဉ်များဖြစ်ပေါ် တိုးတက်မှုအခြေ အနေများကိုသိရှိရန်နှင့် မြန်မာနိုင်ငံ၏ REDD+ လမ်းပြမြေပုံ အကောင်အထည်ဖော်နိုင်ရေး အတွက် အထောက်အကူဖြစ်စေရန်တို့ဖြစ်သည့်အတွက် ရည်ရွယ်ချက်များ ထိရောက်အောင်မြင် အောင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအကောင်အထည်ဖော် သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသွားပါသည်။

ဆက်လက်၍ အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာသစ်နှင့်ပတ်သက်သည့် အဖွဲ့အစည်း (ITTO) မှ Project Manager ဖြစ်သူDr.Hwan Ok Ma က ကျေးဇူးတင်စကားပြောကြား ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၁၇.၁၂.၂၀၁၃) ရက်နေ့မှ (၁၈.၁၂.၂၀၁၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။